<

ဗလင်စီယာနှင့်ပွဲတွင် စီရော်နယ်လ်ဒိုထုတ်ပယ်ခံရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ VAR စနစ်အသုံးပြုရန် အယ်လီဂရီ အလိုရှိ

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် ဗလင်စီယာအား (၂-၀)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် စီရော်နယ်လ်ဒိုထုတ်ပယ်ခံရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗီဒီယိုအကူဒိုင်စနစ်(VAR)အသုံးပြုရန် အလိုရှိနေကြောင်း သိရသည်။

 

ယင်းပွဲစဉ်တွင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းအတွက် သူ၏ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ပွဲချိန် (၂၈)မိနစ်၌် ၎င်းအားပြေးလမ်းပိတ်ကာ ဟန်ဆောင်လဲချခဲ့သည့် ဗလင်စီယာနောက်ခံလူ မူရယ်ယိုကို ဒေါသဖြင့်တုံ့ပြန်ခဲ့ရာ ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအနီကတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပွဲပေါင်း (၁၅၄)ပွဲကစားထားသည့် စီရော်နယ်လ်ဒိုအတွက် ပထမဆုံးအနီကတ်ဖြစ်ပြီး အယ်လီဂရီက ယင်းဖြစ်ရပ်အတွက် VAR စနစ်ကိုအသုံးပြုမှသာ အဖြစ်မှန်ကို သိရှိနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အယ်လီဂရီက ” ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးပြောနိုင်တာကတော့ VAR စနစ်ဟာ ဒိုင်လူကြီးတွေကို အကောင်းဆုံးကူညီနိုင်ပါလိမ့်မယ်။ ဒီလိုမတော်တဆဖြစ်ရပ်တစ်ခုအတွက် (၁၀)တည်းနဲ့ကစားခဲ့ရတာဟာ စိတ်ပျက်စရာပါပဲ။ ဒီညမှာသူ့ကို
ဆုံးရှုံးခဲ့ရသလို လာမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်တော့မှာပါ။ သူမပါဝင်နိုင်တော့တဲ့ ပွဲချိန်တွေမှာ ကျွန်တော့်ကစားသမားတွေ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါဟာ ထိုက်တန်တဲ့နိုင်ပွဲပါ” ဟုပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယင်းပွဲစဉ်တွင် စီရော်နယ်လ်ဒိုထုတ်ပယ်ခံရကာ တစ်ယောက်လျော့ဖြင့်ကစားခဲ့ရသော်လည်း ကွင်းလယ်လူ ယာနစ်၏ (၄၅၊ ၅၁)မိနစ်များတွင်သွင်းယူခဲ့သော ပယ်နယ်တီဂိုးများဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၅၄)ပွဲကစားခဲ့ရာ၌ ဂိုး (၁၂၀)သွင်းယူထားပြီး ပြိုင်ပွဲ၏ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေသည်။

September 20, 2018














Copy Protected by Chetan's WP-Copyprotect.