ရှုံးပွဲနဲ့တာထွက်ခဲ့ရတဲ့ ရေပန်းအစားဆုံး မန်စီးတီး

ရှုံးပွဲနဲ့တာထွက်ခဲ့ရတဲ့ ရေပန်းအစားဆုံး မန်စီးတီး
Published 20 September 2018

(Photo by Oli SCARFF / AFP)

ချန်ပီယံလိဂ် အုပ်စုအဖွင့်(ဒုတိယနေ့)ပွဲစဉ်တွေမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ မထင်မှတ်ဘဲ အရှုံးနဲ့တာထွက်ခဲ့ရပြီး တခြားထိပ်သီးအသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်ယူအသင်းတို့ကတော့ ဂိုးပြတ်နိုင်ပွဲအသီးသီး ရယူခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ပြီးခဲ့တဲ့ရာသီ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုပွဲကို ကြီးကြပ်ခွင့်မရခဲ့ပါဘူး။

ပထမပိုင်းမှာ နောက်ခံလူ ဒဲ့လ်ဖ်၊ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုတို့ရဲ့ အမှားတွေကနေ မန်စီးတီး (၂)ဂိုးခွင့်ပြုခဲ့ရတာဖြစ်တယ်။

(Photo by OSCAR DEL POZO / AFP)

ဒီဂိုးတွေကိုတော့ ကော်နတ်က (၂၆)မိနစ်နဲ့ ဖယ်ကီယာက (၄၃)မိနစ်တွေမှာ သွင်းယူပေးခဲ့တာပါ။

ဒုတိယပိုင်းမှာ မန်စီးတီးအသင်း တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ပေမယ့် (၆၇)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားသွင်းယူတဲ့ (၁)ဂိုးသာရရှိခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ အခုရှုံးပွဲကြောင့် ချန်ပီယံလိဂ်(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းက မက်စ်တဲလားကွင်းမှာ ယာနစ်သွင်းယူတဲ့ ပယ်နယ်တီဂိုး(၂)ဂိုးနဲ့ အဖွင့်လှခဲ့ပါတယ်။

(Photo by JOSE JORDAN / AFP)

ဒါပေမဲ့ စီရော်နယ်လ်ဒိုကတော့ အငြင်းပွားဖွယ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ချန်ပီယံလိဂ်(၁၅၄)ပွဲမြောက်မှာ ပထမဆုံးအနီကတ်ဖြစ်ခဲ့တယ်။

မန်ယူအသင်းက ပေါ့ဘာ(ပယ်နယ်တီတစ်ဂိုးအပါအဝင် ၂ ဂိုး)နဲ့ မာစီယဲလ်၊ ရီးယဲလ်အသင်းက အစ္စကို၊ ဘေးလ်နဲ့ မာရီယာနို၊ ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီး၊ ဆန်းချက်တို့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်ကစားသမား မူလာကတော့ ချန်ပီယံလိဂ်မှာ ဖိလစ်လမ်း(၁၁၂ ပွဲ)၊ အိုလီဗာခန်း(၁၀၃ ပွဲ)တို့နောက် ပွဲ(၁၀၀)ပြည့်တဲ့ တတိယမြောက် ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

■ ပွဲစဉ်(၁) (ဒုတိယနေ့)ရလဒ်များ

အေဂျက်စ် ၃-၀ AEKအေသင်
ဘင်ဖီကာ ဝ-၂ ဘိုင်ယန်မြူးနစ်
ရှက်တာဒိုးနက် ၂-၂ ဟော်ဖန်ဟင်မ်
မန်စီးတီး ၁-၂ လိုင်ယွန်
ရီးယဲလ်မက်ဒရစ် ၃-၀ ရိုးမား
ဗစ်တိုးရီးယားပါလ်ဇန် ၂-၂ CSKAမော်စကို
ဗလင်စီယာ ဝ-၂ ဂျူဗင်တပ်စ်
ယန်းဘွိုင်းစ် ဝ-၃ မန်ယူ

Most Read

Most Recent