■ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 19 September 2018

အေဂျက်စ် နှင့် AEK အေသင် (ဗုဒ္ဓဟူးည ၁၁း၂၅ နာရီ)
အေဂျက်စ်က Play-offs အဆင့်မှာ နာမည်ကြီး ဒိုင်နမိုကိဗ်ကို ကျော်ဖြတ်လာခဲ့တဲ့အသင်းဖြစ်ပြီး လုခ်ဒီယွန်းအပါအဝင် လူငယ်ကြယ်ပွင့်ကစားသမားအများအပြားနဲ့ ခြေစွမ်းပြနေတဲ့အသင်းပါ။ ချန်ပီယံလိဂ်မှာ အိမ်ကွင်းနောက်ဆုံး (၃)ပွဲ ဆက်တိုက်အနိုင်ကစားထားတယ်။ AEK အေသင်ကလည်း နာမည်ကြီး ဆဲလ်တစ်ကို ခြေစစ်ပွဲနောက်ဆုံးအဆင့်မှာ ကျော်ဖြတ်လာခဲ့ပြီး ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းနေတဲ့အသင်းပါ။ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကောင်းပြီး ဒီပွဲမှာလည်း ခံစစ်ကို အားပြုလာပါလိမ့်မယ်။ ဒါပေမဲ့ အိမ်ရှင်အေဂျက်စ် ကပ်နိုင်ဖို့ များတယ်။

 

ရှက်တာဒိုးနက် နှင့် ဟော်ဖန်ဟင်မ် (ဗုဒ္ဓဟူးည ၁၁း၂၅ နာရီ)
ဟော်ဖန်ဟင်မ်ရဲ့ ခြေစွမ်းက မဆိုးပါဘူး။ ဒါပေမဲ့ ရှက်တာဒိုးနက်က ဥရောပအကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး မနှစ်ကလည်း ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်တယ်။ မန်စီးတီးနဲ့ (၂)နှစ်ဆက် ဆုံတွေ့နေတာ ဖြစ်ပြီး မနှစ်က မန်စီးတီးကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံးကစားခဲ့တယ်။ နာပိုလီကိုလည်း ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ရှက်တာဒိုးနက် အနိုင်ကစားမှာပါ။

ဘင်ဖီကာ နှင့် ဘိုင်ယန်မြူးနစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

Photos : AFP

ဘင်ဖီကာက မနှစ်က ပြည်တွင်းလိဂ်မှာအခြေအနေမကောင်းခဲ့လို့ တိုက်ရိုက်ခြေစစ်ပွဲမအောင်ခဲ့ဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ ခြေစစ်ပွဲအဆင့်ကနေ အရယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းက အရင်လိုအနေအထားမရှိတော့ဘဲ နာမည်ကြီးကစားသမားအများအပြားထွက်ခွာသွားပြီး ဝါရင့်နောက်ခံလူ လွီဇာအိုလောက်ပဲ ရှိတော့တယ်။ စုဖွဲ့မှု ကောင်းတဲ့အသင်းဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ကို ယှဉ်ကစားဖို့ကတော့ ခက်တယ်။ ဘိုင်ယန်မြူးနစ်က Rhythm မှန်နေပြီး ဂိုးတွေလည်း မြူးနေတာတွေ့ရတယ်။ ဒီပွဲက ဘင်ဖီကာကွင်းဆိုပေမယ့် ဘိုင်ယန်မြူးနစ်ပဲ နိုင်မှာပါ။

 

မန်စီးတီး နှင့် လိုင်ယွန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မန်စီးတီးက ဒီရာသီချန်ပီယံလိဂ်ကို မျှော်လင့်လို့ရတဲ့အနေအထားမှာရှိပြီး ခြေစွမ်းရော၊ ယုံကြည်မှုပါ မြင့်တက်နေပါ တယ်။ အဓိကကစားသမား ဒီဘရိုင်းနား ဒဏ်ရာရနေချိန်မှာတောင် အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းကို မထိခိုက်ဘဲရှေ့ဆက်နိုင်တာတွေ့ရတယ်။ မနှစ်က ချန်ပီယံလိဂ်မှာပြသခဲ့တဲ့ခြေစွမ်းကလည်း အားရစရာပါ။ လိုင်ယွန်က ခြေမငြိမ်တဲ့အသင်းဖြစ်ပြီး မန်စီးတီး ဂိုးပြတ်သွင်းမယ်။

 

ရီးယဲလ်မက်ဒရစ် နှင့် ရိုးမား (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ အလားအလာအကောင်းဆုံးအသင်းနှစ်သင်းရဲ့ပွဲပါ။ ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်မှာ (၃)နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီး စီရော်နယ်လ်ဒို မရှိတော့တဲ့ ရာသီမှာ ရိုးမားနဲ့ အစမ်းသပ်ခံရမှာဖြစ်တယ်။ ဒီအချိန်မှာ ယုံကြည်ချက်တည်ဆောက်ဖို့အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ ရီးယဲလ်ကောင်းကောင်းသဘောပေါက်ပါတယ်။ သေချာပေါက်အနိုင်ကစားလိမ့်မယ်။

 

ဗစ်တိုးရီးယားပါလ်ဇန် နှင့် CSKA မော်စကို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပါလ်ဇန်အသင်းက ခြေစစ်ပွဲအဆင့်မှာ စတူအာဘူခါရက်ကို ခြေစွမ်းပြကျော်ဖြတ်လာခဲ့တဲ့အသင်းဖြစ်တယ်။ ပုံမှန်အားဖြင့် တိုက်စစ်အားပြုအသင်းတစ်သင်းဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ကစားခဲ့တဲ့ရာသီတွေကို ပြန်ကြည့်ရင် ခံစစ်မှာပိတ်ဆို့ကစားတတ်တဲ့အသင်းမျိုးပါပဲ။ CSKA က အဝေးကွင်းဆိုပေမယ့် အတွေ့အကြုံရင့်အသင်းတစ်သင်းဖြစ်ပြီး ခြေစွမ်းလည်း မဆိုးဘူး။ CSKA သရေနဲ့အနိုင်ပါပဲ။

 

ယန်းဘွိုင်းစ် နှင့် မန်ယူ (ကြာသပတေးနံနက် ၁း၃၀ နာရီ)


ဒီအုပ်စုက လွယ်မလိုနဲ့ခက်တဲ့အုပ်စုပါ။ မန်ယူအသင်းအနေနဲ့ အဓိကအားဖြင့် ဂျူဗင်တပ်စ်၊ ဗလင်စီယာတို့နဲ့ နေရာလုရမယ်လို့ ပြောနိုင်ပေမယ့် ယန်းဘွိုင်းစ်ကလည်း မာကျောတဲ့အသင်းကောင်းတစ်သင်းဖြစ်တယ်။ ဆွစ်ဇာလန်မြေမှာကစားရမှာဖြစ်ပြီး သရေကျသွားရင်လည်း အံ့သြစရာမရှိပါဘူး။

 

ဗလင်စီယာ နှင့် ဂျူဗင်တပ်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

စီရော်နယ်လ်ဒိုရဲ့ ပြိုင်ပွဲက အခုမှ လာတယ်လို့ ပြောရမယ်။ စီရော်နယ်လ်ဒိုက ဒီရာသီ စီးရီးအေမှာ ဂိုးတွေသွင်းဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းနဲ့ အံဝင်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်က စီရော်နယ်လ်ဒိုအတွက် Turning Point ပါ။ ဒီပြိုင်ပွဲက သူ့အတွက်လုပ်ထားတဲ့ ပြိုင်ပွဲလိုဖြစ်နေပြီး မနှစ်က ရာသီအဖွင့်လာလီဂါမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့အခြေအနေကနေ ဂိုးပေါင်းများစွာ ပြန်သွင်းယူနိုင်ဖို့ကို ချန်ပီယံလိဂ်မှာရယူခဲ့တဲ့ ယုံကြည်မှုက အဓိကကျခဲ့တယ်။ နောက်တစ်ချက်က ဂျူဗင်တပ်စ်က အားနည်းနေတာမဟုတ်ဘူး။ စီရော်နယ်လ်ဒိုရောက်လာတဲ့အခြေအနေမှာ အခိုက်အတန့်အားဖြင့် အံဝင်ခွင်ကျဖြစ်ဖို့ ခက်နေတာဖြစ်တယ်။ စီးရီးအေဟာ သူတို့အတွက် အခက်အခဲမရှိဘူး။ ချန်ပီယံလိဂ်ဖလားအတွက်သာ စီရော်နယ်လ်ဒိုလိုကစားသမားမျိုးကို ခေါ်ယူအားဖြည့်ခဲ့တာဆိုရင် ဒီပွဲက သူတို့ကို စမ်းသပ်မယ့်ပွဲပါ။ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့လိုတယ်။ ဗလင်စီယာကို သရေကျခဲ့ရင်၊ ရှုံးခဲ့ရင် ဂျူဗင်တပ်စ်+စီရော်နယ်လ်ဒိုဆိုတဲ့ အတွဲအဖက်ကနေ ရလာနိုင်တဲ့အရှိန်အဝါအတွက်တော့ အားနည်းသွားမယ်။ ဗလင်စီယာက လာလီဂါမှာ နိုင်ပွဲတွေရဖို့ ရုန်းကန်နေရတဲ့အသင်းပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ဘက်တစ်ကို အိမ်ကွင်းမှာ သရေကျခဲ့တယ်။ ဂိုးသွင်းနှုန်းမဆိုးပေမယ့် ဂိုးတွေလွယ်လွယ်လေးပေးနေရတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအတွက် ဆီဗီလာ၊ ဗလင်စီယာတို့က ဂိုးမြူးလေ့ရှိတဲ့အသင်းတွေလည်း ဖြစ်တယ်။ ဂျူဗင်တပ်စ်ကို ကြိုက်တယ်။

 

 

 

Most Read

Most Recent