ဖေမီနိုရဲ့နောက်ကျသွင်းဂိုးနဲ့ အန်ဖီးလ်မှာ PSG ကိုအနိုင်ရခဲ့တဲ့ လီဗာပူးလ်

ဖေမီနိုရဲ့နောက်ကျသွင်းဂိုးနဲ့ အန်ဖီးလ်မှာ PSG ကိုအနိုင်ရခဲ့တဲ့ လီဗာပူးလ်
Published 19 September 2018

Photo: Reuters

■ လီဗာပူးလ် ၃-၂ PSG

အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ PSG တို့ရဲ့ ပွဲမှာတော့ လီဗာပူးလ်က ဖေမီနိုရဲ့နောက်ကျသွင်းဂိုးကြောင့် (၃-၂) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပုံမှန်ပွဲထွက်စာရင်းမှာ ကီတာနေရာ ဟန်ဒါဆန်၊ ဖေမီနိုနေရာ စတာရစ်ချ်တို့ကို အသုံးပြုခဲ့ပြီး၊ PSG မှာတော့ နေမာ၊ ဘာပေ၊ ကာဗာနီ၊ သီယာဂိုဆေးလ်ဗား၊ ဒီမာရီယာတို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲစကတည်းက နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် စောစောစီးစီးပဲ ဂိုးသွင်းခွင့်တွေကိုယ်စီရခဲ့ကြပါတယ်။ အထူးသဖြင့် လီဗာပူးလ်ဘက်က ဂိုးဝင်နိုင်တဲ့ အခွင့်အရေးတွေ ပွဲချိန် (၉)မိနစ်မှာတင် (၂)ကြိမ်၊ (၃)ကြိမ်လောက်အထိရခဲ့တာပါ။

Photo: EPA

ဗန်ဒိုက်ရဲ့ကန်ချက်ကို အာရီယိုလာကာကွယ်နိုင်ခဲ့သလို၊ မာနေကလည်း အခွင့်အရေးကိုအသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲချိန်မိနစ် (၃၀)မှာတော့ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို စတာရစ်ချ်က ခေါင်းတိုက်ပြီးလီဗာပူးလ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

PSG ဘက်က နေမာရဲ့ကန်ချက်ကို အယ်လစ်ဆန်အသည်းအသန်ကာကွယ်ခဲ့ရသလို၊ နေမာရဲ့ထောင့်ကန်ဘောကနေ ဘာပေရဲ့ အပိုင်ပိတ်သွင်းမှုကလည်း ဂိုးဘားပေါ်ကျော်သွားလို့ PSGတို့ ချေပဂိုးရဖို့ အခွင့်အရေးဝေးသွားခဲ့ရပါတယ်။

ပွဲချိန် (၃၆) မိနစ်မှာတော့ ဒီနေ့ပွဲစဉ်မှာ ခြေစွမ်းပြနေတဲ့ ဝိုင်နယ်လ်ဒမ်းကြောင့် လီဗာပူးလ်တို့ပယ်နယ်တီရရှိခဲ့ပြီး မီလ်နာက အမှားအယွင်းမရှိကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်(၄)မိနစ်အကြာမှာပဲ PSG တို့ချေပဂိုးရသွားခဲ့ပါတယ်။

Photo: Reuters

ဒီဂိုးဟာ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်နဲ့ထိပြီး ပြန်ထွက်လာတာကို PSG နောက်ခံလူ မူနီယာက ပယ်နယ်တီဧရိယာအတွင်းကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ဟာ PSG အသင်းကို တစ်ဖက်သက်နီးပါးဖိကစားခဲ့ပြီး ပွဲချိန် (၅၆) မိနစ်မှာ ဆာလာဂိုးသွင်းခဲ့ပေမယ့် စတာရစ်ချ်က PSG ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်သလိုဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကဂိုးမပေးခဲ့ပါဘူး။

အဲဒီနောက်ပိုင်းလည်း လီဗာပူးလ်ကလည်း အခွင့်အရေးတွေရခဲ့ပြီး တိုက်စစ်ပိုင်းက ဆာလာ၊ မာနေနဲ့ စတာရစ်ချ်တို့ အသုံးမချနိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

PSG ကတော့ ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်လောက်သာကစားနိုင်ခဲ့ပြီး နေမာ၊ ဘာပေတို့ရဲ့တကိုယ်တော်အစွမ်းတွေနဲ့ ချေပဂိုးရခဲ့ပါတယ်။ သူတို့ရဲ့ကြိုးစားမှုဟာ (၈၃) မိနစ်မှာ အောင်မြင်ခဲ့ပြီး နေမာဆွဲပြေးပြီး လီဗာပူးလ်ပယ်နယ်တီဧရိယာထဲဝင်ရောက်လာရာမှာ ဗန်ဒိုက်ဖျက်ထုတ်ခဲ့ပေမယ့် ဘာပေဆီကိုရောက်သွားခဲ့ပါတယ်။ ဘာပေက လီဗာပူးလ်နောက်ခံလူ တားဆီးနေတဲ့ကြားကနေ PSG အတွက်ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

(၂-၂) ဂိုးနဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ပွဲချိန်မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၁) မိနစ်မှာတော့ ဗန်ဒိုက်ရဲ့ ပေးပို့မှုကနေ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဖေမီနိုက PSG နောက်ခံလူတွေကို လိမ်ခေါက်ပြီးလှလှပပ ကန်သွင်းယူသွားခဲ့လို့ လီဗာပူးလ်တို့ ပွဲအပြီးမှာ (၃-၂) ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

■ ယနေ့ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

ချန်ပီယံလိဂ် အုပ်စုအဆင့်
ဘာစီလိုနာ ၄-၀ PSV
အင်တာမီလန် ၂-၁ စပါး
ကလပ်ဘရုဂေး ဝ-၁ ဒေါ့မွန်
မိုနာကို ၁-၂ အက်သလက်တီကို
လီဗာပူးလ် ၃-၂ PSG
ဇဗက်ဒါ ဝ-၀ နာပိုလီ
ဂါလာတာစာရေး ၃-၀ လိုကိုမိုးတစ်မော်စကို
ရှော်လ်ကေး ၁-၁ ပေါ်တို

 

လိဂ်ချန်ပီယံရှစ်
ဒါဘီ ဝ-၀ ဘလက်ဘန်း
လိဒ်စ် ၃-၀ ပရက်စတန်
ဝီဂန် ၂-၁ ဟားလ်စီးတီး
အက်စတွန်ဗီလာ ၂-၀ ရော့သာဟမ်
အစ်ဝစ်ချ် ၁-၁ ဘရန့်ဖို့ဒ်
စတုတ်စီးတီး ၁-၀ ဆွမ်ဆီး
ဝက်စ်ဘရွန်း ၄-၂ ဘရစ္စတိုးလ်စီးတီး

Most Read

Most Recent