ဆန်စီရိုမှာ စပါးကို နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ အင်တာမီလန်

ဆန်စီရိုမှာ စပါးကို နောက်ကျဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ အင်တာမီလန်
Published 19 September 2018

Photo: Reuters

■ အင်တာမီလန် ၂-၁ စပါး

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)ရဲ့ အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန်နဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်အင်တာမီလန်အသင်းက (၂-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ (၆)ရာသီဝေးကွာအပြီးမှာ တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အင်တာမီလန်အသင်းဟာ အိမ်ကွင်းမှာရလဒ်ကောင်းဖို့အတွက် ဟန်ဒါနိုဗစ်၊ ဒီဗရိုင်း၊ အီကာဒီ၊ ပါရီဆစ်၊ ဘရိုဇိုဗစ်တို့နဲ့ လူစုံခဲ့ပေမယ့် စပါးအသင်းကတော့ အယ်လီ၊ လိုရစ်၊ ထရစ်ပီယာစတဲ့ အဓိကကစားသမားတွေပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဟာရီကိန်း၊ အဲရစ်ဆင်၊ လာမယ်လာ၊ ဆွန်ဟောင်မင်စတဲ့ ကစားသမားတွေပါဝင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ အိမ်ရှင်အားနဲ့ ပွဲစကတည်းက စပါးအသင်းကို ဖိအားပေးကစားဖို့ ကြိုးစားခဲ့ပေမယ့် စပါးကွင်းလယ်က အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ကြလို့ အခွင့်အရေးကိုယ်စီရခဲ့ကြပါတယ်။ အင်တာမီလန်ဘက်က ဂိုးသွင်းခွင့်တွေကို တိုက်စစ်ကစားသမားတွေ အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ လိုရစ်နေရာမှာ အစားဝင်ဖမ်းတဲ့ မစ်ချယ်ဗွန်းလက်စွမ်းပြခဲ့တာကြောင့်လည်း အင်တာတို့ ဂိုးရဖို့ခက်နေခဲ့တာပါ။

အဲဒီလိုပဲ စပါးအသင်းဘက်ကလည်း ဂိုးသွင်းခွင့်တွေရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဟာရီကိန်းဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့ပေမယ့် လိမ်ခေါက်ဖို့ကြိုးစားရာမှာ မအောင်မြင်ခဲ့လို့ စပါးတို့နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ စပါးဟာ အင်တာမီလန်ကို ဖိကစားခဲ့ပြီး ပွဲချိန် (၅၃) မိနစ်မှာ မထင်မှတ်ဘဲဦးဆောင်ဂိုးရသွားခဲ့ပါတယ်။

Photo: Reuters

ဂိုးဧရိယာအပြင်နေ အဲရစ်ဆင်ကန်ချက်ကို အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဘောလုံးဟာ အဲရစ်ဆင်ဆီပဲ ပြန်ရောက်လာခဲ့ပြီး အဲရစ်ဆင်ထပ်ကန်ရာမှာ မာရန်ဒါနဲ့ထိပြီး လမ်းကြောင်းပြောင်းကာဂိုးဝင်သွားခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ အင်တာမီလန်အသင်းဟာ ချေပဂိုးရဖို့ကြိုးစားလာခဲ့တာကြောင့် အခွင့်အရေးတွေရခဲ့သလို၊ စပါးဘက်ကလည်း တန်ပြန်တိုက်စစ်တွေကနေ အင်တာမီလန်ကိုပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချေပဂိုးရဖို့တောက်လျှောက်နီးပါးဖိကစားနေတဲ့ အင်တာမီလန်ဟာ ပွဲချိန် (၈၅) မိနစ်မှာ လိုအပ်နေတဲ့ ချေပဂိုးကိုရရှိခဲ့ပါတယ်။

ဘယ်တောင်ပံကနေ အဆာမိုရဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးဧရိယာထိပ်ကနေ တိုက်စစ်မှူး အီကာဒီက မြေမကျကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ (၁-၁) ဂိုးနဲ့ ပွဲပြီးတော့မယ့် ထင်မှတ်ခဲ့ရပေမယ့် မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပို (၂) မိနစ်မှာထောင့်ကန်ဘောကနေ ဒီဗရိုင်း ခေါင်းတိုက်ချပေးတာကို၊ ကွင်းလယ်လူ ဗီဆီနိုက ခေါင်းထပ်တိုက်ပြီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်(၆) ရာသီအကြာမှာ ချန်ပီယံလိဂ်ကို ပြန်လာခဲ့တဲ့ အင်တာမီလန်တို့ အိမ်ကွင်းမှာ အနိုင်ရလဒ်နဲ့ အဖွင့်လှသွားခဲ့တာပါ။

 

■ ယနေ့ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

ချန်ပီယံလိဂ် အုပ်စုအဆင့်

ဘာစီလိုနာ ၄-၀ PSV
အင်တာမီလန် ၂-၁ စပါး

Most Read

Most Recent