ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 18 September 2018

 

အင်တာမီလန် နှင့် စပါး (အင်္ဂါည ၁၁း၂၅ နာရီ)

အင်တာမီလန်နဲ့ စပါးတို့ နောက်ဆုံးတွေ့ခဲ့တဲ့ရာသီတုန်းကတော့ အင်တာမီလန်က ဥရောပရဲ့အင်အားကြီးအသင်းဖြစ်ပြီး စပါးက အမြင့်ကိုတက်ဖို့ ရုန်းကန်နေရတဲ့အချိန်ပါ။ အဲ့ဒီအချိန်က စပါးက အင်တာမီလန်ကို ကောင်းကောင်းဒုက္ခပေးခဲ့ပေမယ့် Class က တစ်ပွဲချင်းခြေစွမ်းနဲ့မဆိုင်ပါဘူး။ အခုအချိန်မှာတော့ အင်အားချိန်ခွင်လျှာက ပြောင်းသွားပါပြီ။ အင်တာမီလန်က ရုန်းကန်နေရတဲ့အချိန်ဖြစ်ပြီး အခုမှ ပြန်တက်ဖို့ ကြိုးစားနေရချိန်မှာ စပါးက တည်ငြိမ်ပါတယ်။ ဒီပွဲလည်း အင်တာမီလန်ကွင်းဆိုပေမယ့် စပါးကိုပဲကြိုက်တယ်။

ဘာစီလိုနာ နှင့် PSV (အင်္ဂါည ၁၁း၂၅ နာရီ)

 (Photo by Josep LAGO / AFP)

ဘာစီလိုနာမှာ ဆွာရက်ဇ်ရဲ့ ခြေစွမ်းက မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဒါပေမဲ့ ဒမ်ဘီလီက ခြေစွမ်းပိုပြလာနိုင်ပြီး မက်ဆီကလည်း အခုအချိန်အထိ အကောင်းဆုံးအနေအထားမှာ ရှိနေသေးတာကိုတွေ့ရတယ်။ လက်ရှိဘာစီလိုနာမှာ ကစားဟန်အပြောင်းအလဲအနည်းငယ်ရှိပြီး၊ နောက်ပိုင်းနှစ်တွေနဲ့ယှဉ်ရင် ကစားဟန်တည်ငြိမ်မှုအားနည်းတယ်။ ဒါပေမဲ့ ကော်တင်ဟို၊ မက်ဆီတို့နဲ့အသင်းကို အားပြုတည်ဆောက်ထားပုံက မှန်ကန်ပြီး ကောင်းမွန်ပါတယ်။ PSV က ဘာစီလိုနာအတွက် အခက်အခဲမရှိပါဘူး။

ကလပ်ဘရုဂေး နှင့် ဒေါ့မွန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဒေါ့မွန်က ဒီရာသီ ဘွန်ဒစ်လီဂါမှာ ခြေစွမ်းပြနေတယ်။ နိုင်ပွဲတွေရရုံတင်မဟုတ်ဘဲ အသင်းကြီးတစ်သင်းရဲ့ ပုံစံမျိုးကို ပြနိုင်တယ်။ ဂိုးသွင်းနှုန်းကလည်း အားရစရာကောင်းတယ်။ ဘရုဂေးက ဘယ်လ်ဂျီယံချန်ပီယံအနေနဲ့ တိုက်ရိုက်ခြေစစ်ပွဲ အောင်လာတဲ့အသင်းဖြစ်ပြီး ဘရာဇီးလ်က ဝက်စ်လေ၊ အီရန်က ရာဇာအီတို့ခြေစွမ်းပြနေတယ်။ ဒါပေမဲ့ ဒီအုပ်စုမှာ အားအနည်းဆုံးအသင်းဖြစ်နေပြီး ဒေါ့မွန်နဲ့ ခြေကွာပါတယ်။ ဒေါ့မွန် အတွက် အမှားမခံတဲ့ပွဲမျိုးဖြစ်ပြီး အနိုင်ကစားလိမ့်မယ်။

မိုနာကို နှင့် အက်သလက်တီကို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

မိုနာကိုနဲ့ အက်သလက်တီကိုတို့က လိဂ်မှာ ဒုတိယနေရာကိုယ်စီ ရပ်တည်ခဲ့ကြတဲ့အသင်းတွေပါ။ အက်သလက်တီကိုက ပိုမိုကောင်းမွန်တောင့်တင်းတဲ့ အခြေအနေမျိုးရှိပေမယ့် မိုနာကိုကလည်း အိမ်ကွင်းမှာ ကြောက်စရာကောင်းတဲ့အသင်းမျိုး ဖြစ်တယ်။ ဖယ်လ်ကာအိုက အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာ ဖြစ်ပြီး ဖယ်လ်ကာအို-ယိုဗီတစ်အတွဲက အက်သလက်တီကို ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အက်သလက်တီကိုကလည်း ခြေပျက်နေလု့ိ သရေကျသွားနိုင်တယ်။

လီဗာပူးလ် နှင့် PSG (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

 (Photo by Paul ELLIS / AFP)

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လီဗာပူးလ်က ပွဲကျပ်တွေဆက်တိုက်ကစားနေရတယ်။ ဒီပွဲမှာလည်း ဥရောပထိပ်တန်း အသင်းကြီးတစ်သင်းဖြစ်တဲ့ PSG ကိုအိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး လီဗာပူးလ်အတွက် ခက်ခဲကြမ်းတမ်းဦးမယ့် ပွဲဖြစ်နေတယ်။ လီဗာပူးလ်က ဒီရာသီပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြနေပြီး၊ ရာသီအဖွင့် (၅)ပွဲစလုံးအနိုင်ကစားထားတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပါးကို အဝေးကွင်းမှာအနိုင်ရခဲ့တယ်။ PSG ကတော့ ပြင်သစ်မြေမှာ လွယ်ကူတဲ့နိုင်ပွဲတွေဆက်တိုက်ရယူနေပြီး၊ ဖိအားမရှိ၊ ပင်ပန်းမှုမရှိ၊ အပူအပင်မရှိအခြေအနေမျိုးပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စိန့်အက်တီယန်ကို ဒရက်ဇ်လာ၊ ကာဗာနီ၊ ဒီမာရီယာ၊ ဒီယာဘီတို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ခဲ့တယ်။ ဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းနဲ့ စုဖွဲ့မှုက သိပ်မကွာဘူးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ အရည်အသွေးအရဆိုရင်တော့ PSG က ပိုကောင်းတာ ငြင်းလို့မရဘူး။ နေမာ-ကာဗာနီ-ဘာပေတို့နဲ့ စုဖွဲ့ထားတဲ့ တိုက်စစ်ပိုင်းက မာနေ-ဖေမီနို-ဆာလာတို့ထက် ပိုပြီးအရည်အသွေးမြင့်တယ်။ ဒါ့အပြင် ကွင်းလယ် အားပြိုင်မှုအရဆိုရင်လည်း PSG က ပိုမိုတောင့်တင်းတဲ့လူစာရင်းနဲ့ ခြေစွမ်းမျိုးရှိတယ်။ ဒါပေမဲ့ လီဗာပူးလ်ရဲ့လက်ရှိကစားပုံက သူတို့ထက်ပိုကောင်းတဲ့အသင်းတွေကိုလည်း ကြောက်စရာမရှိဘူး။ ခိုင်မာတဲ့ ကစားဟန်ရှိပြီး၊ တန်ပြန်တိုက်စစ်အရမ်းကောင်းတယ်။ PSG ခံစစ်ကစားသမားတွေကို အမြန်နှုန်းနဲ့ အချိန်မရွေးခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ ဒေါ့မွန်နည်းပြဟောင်း နှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာပါ။ လီဗာပူးလ်ကွင်းမှာ PSG က သရေအရယူနိုင်စွမ်းရှိပါတယ်။

ဇဗက်ဒါ နှင့် နာပိုလီ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဒီအုပ်စုမှာ နာပိုလီက တတိယအားအကောင်းဆုံးအသင်းပါ။ လီဗာပူးလ်နဲ့ PSG တို့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဒီအခွင့်အရေးကို နာပိုလီကအပြည့်အဝယူထားရလိမ့်မယ်။ လက်ရှိခြေစွမ်းက အကောင်းဆုံးပုံစံမဟုတ်သေးပေမယ့် ဇဗက်ဒါကို နိုင်ဖို့ကတော့ နာပိုလီအတွက် မခက်ပါဘူး။

ဂါလာတာစာရေး နှင့် လိုကိုမိုးတစ်မော်စကို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဂါလာတာစာရေးက ၂၀၁၅ ခုနှစ်ကတည်းက ဝေးကွာ နေတဲ့ ချန်ပီယံလိဂ်ပွဲကို ဒီနှစ် ပထမဆုံးပြန်ကစားရတာဖြစ်ပြီး လိုကိုမိုးတစ်မော်စကိုက ပိုဆိုးပါတယ်။ ယူရိုပါလိဂ်မှာပဲ ကျင် လည်နေရပြီး ချန်ပီယံလိဂ်နဲ့ ဝေးကွာနေတာ (၁၄)နှစ်ကြာသွား ပါပြီ။ ဂါလာတာစာရေးမှာ ဒါဒီယော့ခ် ခြေစွမ်းပြနေပြီး လိုကိုမိုးတစ်မှာတော့ ပီရူးဝါရင့်ကစားသမား ဖာဖန် ခြေစွမ်းပြနေဆဲပါ။ ဒီနှစ်သင်းက ခြေမကွာပါဘူး။ သရေကျသွားနိုင်တယ်။

ရှော်လ်ကေး နှင့် ပေါ်တို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားတဲ့ ဂိုဟက်ဇ်ကာနေရာကို အစားမထိုးနိုင်သေးတာက ရှော်လ်ကေးအတွက် အဓိကပြဿနာဖြစ်နေဆဲဖြစ်ပြီး တိုက်စစ်ပိုင်းက ရုန်းကန်နေရပါတယ်။ ပေါ်တိုက ပြည်တွင်းလိဂ်မှာ အခြေအနေကောင်းနေသလို၊ ချန်ပီယံလိဂ်အတွေ့အကြုံရင့်အသင်းတစ်သင်းဖြစ်ပြီး အဘူဘာကာ၊ အိုလီဗာတောရက်စ်၊ ဘရာဟီမီတို့ခြေစွမ်းပြနေပါတယ်။ ရှော်လ်ကေးကွင်းမှာ ပေါ်တို သရေကစားနိုင်တယ်။

 

 

 

Most Read

Most Recent