ဘားကင့်နှင့် နှိုင်းယှဉ်မှုများကို အိုဇေးလ် လက်မခံ

ဘားကင့်နှင့် နှိုင်းယှဉ်မှုများကို အိုဇေးလ် လက်မခံ
Published 17 September 2018

PIcture by Ian Hodgson/Daily Mail

အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်က အသင်းဂန္ထဝင် ဘားကင့်နှင့် နှိုင်းယှဉ်ခံရမှုအတွက် ဂုဏ်ယူမိသော်လည်း ၎င်းတွင် ကိုယ်ပိုင်ဟန်ပန်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။

'' ပရိသတ်တွေဟာ လွန်ခဲ့တဲ့(၅)နှစ် ကျွန်တော် ဒီကို ရောက်လာကတည်းက အမြဲထောက်ခံအားပေးခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကစားပုံကို နှစ်သက်လို့ပါ။ ကျွန်တော်က ပွဲကို အမြဲထိန်းချုပ်ထားချင်တယ်။ ပြီးတော့ ဂိုးသွင်းခွင့်တွေ ဖန်တီးတယ်။ အသင်းကို ကူညီတယ်။ ဒါဟာ ပွဲအစကတည်းက ကျွန်တော် ကြိုက်နှစ်သက်တဲ့ အရာတွေပါပဲ။ ကျွန်တော်ကစားတဲ့နေရာက တိုက်စစ်ကို ပိုလိုက်ကစားနိုင်တဲ့ အခြေအနေတွေရှိတယ်။ ဘောလုံးတွေတောင်းတယ်။ အသင်းကို လူပေးကစားဖို့ ပြောနိုင်သလို၊ ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ပါတယ်။ ဘားကင့်ဟာ ဘယ်လိုကစားခဲ့သလဲဆိုတာ နှစ်ပေါင်းများစွာ၊ ကြိမ်ဖန်များစွာ ပြောခဲ့ပြီးပါပြီ။ တကယ်တော့ သူနဲ့နှိုင်းယှဉ်ခံရတာ ဂုဏ်ယူစရာပါ။ ဘားကင့်ဟာ အာဆင်နယ်အသင်းမှာ ထာဝရရှင်သန်နေမယ့် ဂန္ထဝင်တစ်ဦးဖြစ်ပြီး သူက အံ့အားသင့်ဖွယ်ကောင်းတဲ့ ဘောလုံးသမားတစ်ဦးပါ။ ဒါပေမဲ့ ကျွန်တော့်ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်တာ မလိုချင်ပါဘူး။ ကျွန်တော်က ကိုယ်ပိုင်ကစားဟန်ရှိပြီး ဒါဟာလည်း ကလေးဘဝကတည်းကပါ။ ဒီနှိုင်းယှဉ်မှုတွေအတွက် ဂုဏ်ယူနေပေမယ့် ကျွန်တော်က မတ်ဆုအိုဇေးလ်ပါ။ ကျွန်တော့်ရဲ့ခေတ် မပြီးဆုံးသေးပါဘူး''ဟု အိုဇေးလ်က ကလပ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

(Photo by Robbie Jay Barratt - AMA/Getty Images)

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ၎င်းနှင့်အိုဇေးလ်အကြား မည်သည့်ပြဿနာမျှမရှိဘဲ ဆက်ဆံရေးကောင်းမွန်ကြောင်း ဖွင့်ဟခဲ့သည်။

အိုဇေးလ်သည် နယူးကာဆယ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၂၀၀)ပြည့်ခဲ့ပြီး ယင်းပွဲတွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့သည်။

၎င်းမှာ ပြီးခဲ့သည့်ဇန်နဝါရီလကမှ အသင်းနှင့် (၃)နှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားပြီး လက်ရှိတွင် အာဆင်နယ်အသင်း၏ လစာငွေအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

Most Read

Most Recent