ပြိုင်ဘက်ကို တံတွေးဖြင့်ထွေးခဲ့သည့် ဒူးဂလပ်စ်ကော်စတာ ပြန်လည်တောင်းပန်

ပြိုင်ဘက်ကို တံတွေးဖြင့်ထွေးခဲ့သည့် ဒူးဂလပ်စ်ကော်စတာ ပြန်လည်တောင်းပန်
Published 17 September 2018

Photo : Sportbible

ဂျူဗင်တပ်စ်အသင်းမှ ဘရာဇီးလ်လက်ရွေးစင်တောင်ပံကစားသမား ဒူးဂလပ်စ်ကော်စတာက ဆာဆူအိုလိုနှင့်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်ကစားသမားကို တံတွေးဖြင့်ထွေးခဲ့သည့်လုပ်ရပ်အတွက် တရားဝင်တောင်းပန်ခဲ့သည်။

ဒူးဂလပ်စ်ကော်စတာသည် ယင်းပွဲ၏ပွဲချိန်(၆၁)မိနစ်တွင် မန်ဇူကစ်အစား လူစားဝင်ကစားခဲ့ပြီး နာကျင်အချိန်ပို (၃)မိနစ်တွင် ဆာဆူအိုလိုကစားသမား ဖက်ဒရီကိုဒီဖရန်ဆက်စကို (ရိုးမားနည်းပြ အူဆီဘီယိုဒီဖရန်ဆက်စကို၏သား)၏မျက်နှာကို တံတွေးဖြင့်ထွေးခဲ့ခြင်းဖြစ်သည်။

နာကျင်အချိန်ပို(၁)မိနစ်တွင် တစ်ဝါထိထားသည့် ၎င်းမှာ ယင်းလုပ်ရပ်အတွက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

'' ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့မှားယွင်းတဲ့အပြုအမူအတွက် ဂျူဗင်တပ်စ်ပရိသတ်အားလုံးကို တောင်းပန်လိုပါတယ်။ ကျွန်တော့်ဘေးနားမှာ ကောင်းတူဆိုးတူရှိခဲ့တဲ့ အသင်းဖော်တွေကိုလည်း တောင်းပန်ပါတယ်။ ဒါဟာ ရုပ်အရမ်းဆိုးတာ သတိမူမိပါတယ်။ ဒီအတွက် လူတိုင်းကိုလည်း တောင်းပန်ပါတယ်''ဟု ဒူးဂလပ်စ်ကော်စတာက စက်တင်ဘာ (၁၆)ရက်က Instagramတွင် ရေးသားခဲ့သည်။

(Photo by Miguel MEDINA / AFP)

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက '' သူဟာ ဒေါသထွက်လောက်တဲ့ ခပ်ကြမ်းကြမ်းကစားတာနဲ့ ကြုံတွေ့တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက ပြဿနာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်စဉ်က မဖြစ်သင့်ပါဘူး။ အဓိကက ကျွန်တော်တို့အနေနဲ့ ရန်စကစားခြင်းကို ရှောင်ရှားနိုင်ဖို့လိုပါတယ်'' ဟု မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် အယ်လီဂရီက ဒူးဂလပ်စ်ကော်စတာအနေဖြင့် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ်ကျခံရနိုင်ပြီး အသင်းမှလည်း ၎င်းကို ဒဏ်ငွေတပ်ရိုက်သွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent