ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဟာဇက် ဆွတ်ခူးနိုင်ခြေရှိဟု ဆာရီ သုံးသပ်

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဟာဇက် ဆွတ်ခူးနိုင်ခြေရှိဟု ဆာရီ သုံးသပ်
Published 17 September 2018

 (Photo by Glyn KIRK / AFP) 

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်း၏အဓိကကစားသမား ဟာဇက်မှာ ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခြေရှိသည်ဟု သုံးသပ်ခဲ့သည်။

ဟာဇက်သည် စက်တင်ဘာ ၁၅ ရက်ကကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကာဒစ်ဖ်အသင်းဘက်သို့ ဟက်ထရစ်သွင်းခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆာရီက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုကို ဟာဇက် ရနိုင်မလားဟု မေးမြန်းမှုကို ဆာရီက '' ကျွန်တော်လည်း ဒီလိုပဲ ရှုမြင်ထားပါတယ်။ မနေ့က အေဒင်(ဟာဇက်)နဲ့ စကားပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် ဂိုး ၄၀ လောက်သွင်းပေးနိုင်မလား မေးခဲ့ပါသေးတယ်။
သူ့မှာ တချို့လိုအပ်ချက်တွေရှိပေမယ့် ဒါကို စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဒီနေ့ပွဲ သူကစားသွားပုံကို ကြည့်မိသူတိုင်း ဒီလို ပြောမှာသေချာပါတယ်''ဟု ကာဒစ်ဖ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

 (Photo by Glyn KIRK / AFP) 

ဟာဇက်သည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် သွင်းဂိုး (၅)ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။

ထို့ပြင် ၎င်းမှာ ကလပ်နှင့် နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၈)ပွဲတွင် အနည်းဆုံး (၁)ဂိုးသွင်း သို့မဟုတ် (၁)ဂိုး ဖန်တီးပေးခဲ့သည်။

ဆာရီသည် လာမည့်ကြာသပတေးနေ့တွင်ကစားမည့် PAOKအသင်းနှင့် ယူရိုပါလိဂ်ပွဲတွင်မူ ဟာဇက၊ ပတ်ဒရိုတို့ထဲမှ အနည်းဆုံးတစ်ဦးကို အနားပေးသွားမည်ဟုလည်း အတည်ပြုခဲ့သည်။

လက်ရှိတွင် ကြံ့ခိုင်မှုပြဿနာရှိနေသည့် ဖာဘရီဂတ်စ်၊ လော့ဖ်တပ်ချိခ်တို့မှာ ယင်းပွဲတွင် ပါဝင်ကစားလာဖွယ်ရှိနေသည်။

ထို့ပြင် ဆာရီက PAOKနှင့်ပွဲ၌ အထောင်တိုက်စစ်မှူးနေရာတွင် ဂျရူးထက် မိုရာတာကို အသုံးပြုသွားဖွယ်ရှိနေကြောင်းလည်း ဖွင့်ဟခဲ့သည်။

Most Read

Most Recent