မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲ ယှဉ်ပြိုင်ရန် နီပေါနိုင်ငံသို့ ယနေ့ထွက်ခွာမည်

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲ ယှဉ်ပြိုင်ရန် နီပေါနိုင်ငံသို့ ယနေ့ထွက်ခွာမည်
Published 17 September 2018

အာရှ ယူ-၁၆ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန် စက်တင်ဘာ ၁၇ ရက် (ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အုပ်စု (E) တွင် မလေးရှား၊ ဖိလစ်ပိုင်၊ နီပေါအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းအသင်းလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ငါးသင်းပါဝင်သည့် အုပ်စုများမှာ စက်တင်ဘာ ၁၅ ရက်မှစ၍ ကျင်းပလျက်ရှိပြီး အုပ်စု (A) တွင် ဂူအမ်အသင်းက သီရိလင်္ကာကို (၄-၂) ဂိုးဖြင့် အနိုင်ရကာ ဂျော်ဒန်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အခြားအုပ်စုပွဲများတွင် အုပ်စု (B) ၌ အိန္ဒိယအသင်းက ဟောင်ကောင်ကို (၆-၁) ဂိုး၊ မွန်ဂိုလီးယားအသင်းက ပါကစ္စတန်ကို (၈-ဝ) ဂိုး၊ အုပ်စု (C) ၌ အီရန်အသင်းက မြောက်မာရီယာနာကျွန်းစုကို (၁၂-ဝ) ဂိုး၊ စင်ကာပူအသင်းက တာဂျစ်ကစ္စတန်ကို (၄-၁) ဂိုး၊ အုပ်စု (D) ၌ အင်ဒိုနီးရှားအသင်းက ပါလက်စတိုင်းကို (၃-၂) ဂိုး၊ ထိုင်ဝမ်အသင်းက ကာဂျစ္စတန်ကို (၂-၁) ဂိုး၊ အုပ်စု (F) ၌် ဗီယက်နမ်အသင်းက ယူအေအီးကို (၄-ဝ) ဂိုး၊ လက်ဘနွန်အသင်းက ဘာရိန်းကို (၈-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စုတွင် လေးသင်းသာပါဝင်သောကြောင့် အကောင်းဆုံးအုပ်စုဒုတိယနေရာ တွက်ချက်ရာတွင် ငါးသင်းပါဝင်သော အုပ်စုများမှာ အောက်ဆုံးမှ အသင်းများနှင့် တွေ့ဆုံသည့် ရလဒ်များကို ပယ်ဖျက်ရမည်ဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲတွင် အုပ်စုတစ်ခု စီမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယနေရာရ အကောင်းဆုံးနှစ်သင်း ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း လူစာရင်း

အုပ်ချုပ်သူ - ဒေါက်တာအောင်ကျော်ဦး
နည်းပြချုပ် - ဒေါ်စန်းစန်းသိန်း
နည်းစနစ်အကြံပေး- ဦးအေးမောင်ကြီး
လ/ထနည်းပြ - ဒေါ်နွယ်နွယ်တိုး
ဂိုး နည်းပြ - ဒေါ်မေခင်ယမင်း
ဂိုး - စိမ်းလတ်လတ်ဦး၊ ပိုးဥ၊ ခင်မြတ်မိုး
နောက်တန်း - မေသက်မွန်မြင့်၊ ဖူးဖူးဇင်ဇော်၊ မေသွေးကို၊ လာအဲဝါ၊ ရတနာဦး
အလယ်တန်း - ဝင်းဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဆုန်နှင်းဖွေး၊ ဇင်မာထွေး၊ ကေကေ၊ ဝေဖူးအိမ်၊ ဖြူဖြူဝင်း
ရှေ့တန်း - ဆွေမာအောင်၊ မြတ်နိုးခင်၊ ဆုပြည့်ပြည့်ကျော်၊ ထက်ထက်ဝင်း၊ ဂျူလိုင်ချာ

မြန်မာအသင်း၏ ခြေစစ်ပွဲအုပ်စုပွဲစဉ်များ

၁၉-၉-၁၈ မြန်မာ - မလေးရှား
၂၁-၉-၁၈ မြန်မာ - နီပေါ
၂၃-၉-၁၈ မြန်မာ - ဖိလစ်ပိုင်

Most Read

Most Recent