နောက်ဆုံးမိနစ်တွင် ပယ်နယ်တီမရခြင်းအတွက် ပိုချက်တီနို ဒေါသထွက်နေပြီး ဒိုင်လူကြီးကို စပါးပရိသတ်များ ပြစ်တင်

နောက်ဆုံးမိနစ်တွင် ပယ်နယ်တီမရခြင်းအတွက် ပိုချက်တီနို ဒေါသထွက်နေပြီး ဒိုင်လူကြီးကို စပါးပရိသတ်များ ပြစ်တင်
Published 17 September 2018

 

Photos: AFP,Getty Images

မနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် စပါး (၁-၂) လီဗာပူးလ်ပွဲတွင် နောက်ဆုံးမိနစ်၌ ပယ်နယ်တီမရခဲ့ခြင်းအတွက် စပါးအသင်းနည်းပြ ပိုချက်တီနိုသည် အလွန်အမင်းဒေါသထွက်ခဲ့ပြီး စပါးပရိသတ်များကလည်း ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းပွဲ၏ ပွဲချိန် (၉၃)မိနစ်တွင် စပါးအသင်းအတွက် အာဂျင်တီးနားကွင်းလယ်လူ လာမယ်လာက ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ထို့နောက် ခဏအကြာတွင် လီဗာပူးလ် အသင်းဘက်သို့ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်က ဂိုးသွင်းရန် ကြိုးစားခဲ့ရာ လီဗာပူးလ်ကစားသမား မာနေ၏ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီဧရိယာအတွင်း လဲကျခဲ့သည်။

ဆွန်ဟောင်မင်သည် လီဗာပူးလ်ဂိုးပေါက်သို့ ဘောလုံးကို ကန်သွင်းရန် ကြိုးစားရာ မာနေက ၎င်း၏ ဘယ်ဘက်ခြေထောက်ကို (ဘောလုံးကိုမထိဘဲ) ဝင်ရောက်ဖျက်ထုတ်ခြင်းကြောင့် လဲကျခဲ့ပြီး ဘောလုံးမှာလည်း ဂိုးပေါက်သို့မရောက်ဘဲ ပျက်သွားခဲ့သည်။ ယင်းဖြစ်ရပ်တွင် ပယ်နယ်တီအဖြစ် သတ်မှတ်ရန် စပါးကစားသမားများက တောင်းဆိုခဲ့ကြသော်လည်း ယင်းပွဲ၏ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ငြင်းဆန်ပယ်ချခဲ့သည်။ ပွဲအပြီးတွင် ပိုချက်တီနိုက မီဒီယာများနှင့်တွေ့ဆုံရာ၌ ယင်းဖြစ်ရပ်တွင် မိမိတို့အနေဖြင့် ပယ်နယ်တီရခဲ့သင့်သည်ဟု ပြောကြားခဲ့သည်။

"ဆွန်ဟောင်မင်ကို မာနေ ဖျက်ထုတ်ခဲ့တဲ့ဖြစ်ရပ်ဟာ ပယ်နယ်တီဆိုတာကို အားလုံး ရှင်းရှင်းလင်းလင်း တွေ့မြင်ကြမှာပါ။ တကယ်လို့သာ အဲဒီပယ်နယ်တီ ရခဲ့ရင် ကျွန်တော်တို့အသင်း ချေပဂိုးရပြီး (၂-၂) ဂိုးနဲ့ သရေ ကျခဲ့မှာပါ။ ဒါဆိုရင် အခုမီဒီယာတွေ့ဆုံပွဲမှာ ကျွန်တော်ပြောမယ့်အကြောင်းအရာက တခြားအကြောင်းအရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အခုတော့ လူတွေ ရဲ့ အကျင့်စရိုက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးကိုပဲ ပြောရတော့မှာပေါ့။ နယူးကာဆယ်၊ ဖူလ်ဟမ်၊ မန်ယူ၊ ဝက်ဖို့ဒ်အသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲတွေအပြီးမှာလည်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။ သတ်မှတ်ထားတဲ့အရာတွေက လက်တွေ့နဲ့ အလွန်ကွာခြားနေပါတယ်" ဟု ပိုချက်တီနို က ပြောကြားခဲ့သည်။

ယင်းပွဲအပြီးတွင် စပါးပရိသတ်များသည် ဒိုင်လူကြီး ၏လုပ်ရပ်ကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြကြောင်း သိရှိရ သည်။ အချို့သောပရိသတ်များက ပရီးမီးယားလိဂ် တာဝန်ရှိသူများအနေဖြင့် ယခုရာသီတွင် လီဗာပူးလ်အသင်း ချန်ပီယံ ဖြစ်အောင် ကူညီပေးနေသည်ဟု စွပ်စွဲခဲ့ကြသည်။

Most Read

Most Recent