တိုရွန်တိုအသင်းအား (၅-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အီဘရာဟီမိုဗစ် ကစားသမားဘဝသွင်းဂိုး(၅၀၀)ပြည့်မြောက်

တိုရွန်တိုအသင်းအား (၅-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အီဘရာဟီမိုဗစ် ကစားသမားဘဝသွင်းဂိုး(၅၀၀)ပြည့်မြောက်
Published 16 September 2018

 

 

မေဂျာလိဂ်ကလပ် LA Glaxy အသင်း၏ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် တိုရွန်တိုအသင်းအား (၅-၃)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည့် မေဂျာလိဂ်ပွဲစဉ်တွင် ကစားသမားဘ၀ သွင်းဂိုး (၅၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် LA Glaxy အသင်းအတွက် အီဘရာဟီမိုဗစ်က ပွဲချိန် (၄၃)မိနစ်တွင် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြီး ဖနောင့်ဖြင့် ချေပဂိုးသွင်းယူပေးခဲ့သော်လည်း ပွဲအပြီးတွင် (၅-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းဂိုးမှာ မိုဗစ်အတွက် ကစားသမားဘ၀ (၅၀၀)မြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ယခုရာသီမေဂျာလိဂ်တွင် LA Glaxy အသင်းအတွက် (၂၂)ပွဲတွင် (၁၇)ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်သည်။

အီဘရာဟီမိုဗစ်က "တကယ်တမ်း ပြောရရင်တော့ ရှုံးတာတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ တိုရွန်တိုအသင်းအတွက် ကျွန်တော်ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ (၅၀၀)ဂိုးကို အသွင်းခံရတဲ့ အ သင်းအဖြစ် သူတို့ကို သတိရနေကြမှာမို့လို့ပါ" ဟု ပြောကြားခဲ့သည်။

အီဘရာဟီမိုဗစ်သည် ပရိုကစားသမားဘဝကို ဆွီဒင်ကလပ် မာလ်မိုအသင်းတွင် ၁၉၉၉ ခုနှစ်က စတင်ခဲ့ပြီး အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ PSG နှင့် မန်ယူ စသည့် ဥရောပ ထိပ်သီးအသင်းကြီးများတွင် ကစားခဲ့ကာ ၂၀၁၈ ခုနှစ်က LA Glaxy အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

၎င်းသည် အဆိုပါကလပ်အသင်း (၉)သင်းအတွက် ပွဲပေါင်း (၇၅၂)ပွဲတွင် (၄၃၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဆွီဒင်လက်ရွေးစင်အသင်းအတွက် (၁၁၆)ပွဲတွင် (၆၂)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ကစားသမားဘဝဂိုး(၅၀၀) နှင့်အထက် သွင်းသူများစာရင်းတွင် အီဘရာဟီမိုဗစ်မှာ အဆင့် (၂၈)နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးတွင် ရပ်တည်နေသူမှာ သြစတြီးယားနှင့် ချက်တိုက်စစ်မှူးဟောင်း ဘီကန် (၈၀၅ ဂိုး)ဖြစ်သည်။ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာမူ အဆင့်(၆)နှင့် (၇)နေရာများ၌ ရပ်တည်နေကြသည်။

Most Read

Most Recent