(၅) ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့တဲ့ လီဗာပူးလ်

(၅) ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့တဲ့ လီဗာပူးလ်
Published 16 September 2018

Photo: Reuters

■ စပါး ၁-၂ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၅) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက (၂-၁) ဂိုးနဲ့အနိုင်ယူပြီး ရာသီအစ (၅)ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ နည်းပြကလော့ပ်အတွက်တော့ ဒီနိုင်ပွဲဟာကျေနပ်စရာကောင်းခဲ့ပြီး အဓိကပြိုင်ဘက်ကိုအလဲထိုးနိုင်ရုံသာမက၊ ပြီးခဲ့တဲ့ရာသီက ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ဝင်ဘလေရလဒ်ဆိုးကိုလည်း ချေဖျက်နိုင်ခဲ့တာပါ။

ရာသီအစကာလဖြစ်လို့ ချန်ပီယံဆုအတွက်က အစစအရာရာပြောဖို့စောနေသေးတယ်ဆိုရင်တောင် လီဗာပူးလ်အသင်းရဲ့ချန်ပီယံအိပ်မက်တွေကတော့ အဖက်ဖက်ကပြည့်စုံခြင်းနဲ့အတူ တဖြည်းဖြည်းအရှိန်ရလာပြီလို့ဆိုရပါလိမ့်မယ်။

အဝေးကွင်းမှာ ရလဒ်ကောင်းဖို့အတွက် နည်းပြကလော့ပ်ဟာ သူပွဲထွက်နေကျ အဓိကကစားသမားအားလုံးကို တပြိုင်နက်အသုံးပြုခဲ့ပြီး၊ ဆာလာ၊ မာနေ၊ ဖေမီနိုတို့ရဲ့ တိုက်စစ်ဟာ ပွဲတိုင်းလိုလိုကို ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။

စပါးအသင်းကလည်း အိမ်ကွင်းမှာရှုံးပွဲမဆက်စေဖို့ လူစုံထုတ်ကစားခဲ့ပြီး အယ်လီနေရာမှာ ဟာရီဝင့်ခ်၊ ဂိုးသမားလိုရစ်နေရာမှာ မစ်ချယ်ဗွန်းပွဲထွက်ခဲ့တာကလွဲလို့ တောင့်တင်းခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးလ်ရဲ့ကစားကွက်ကစနစ်ကျခဲ့ပြီး စပါးအသင်းကို ဖိအားပေးခဲ့တာပါ။

အခွင့်အရေးတွေလည်းရခဲ့ပြီး ဆာလာ၊ ဖေမီနိုတို့အသုံးမချနိုင်လို့သာ ဒီထက်ပိုဂိုးမရခဲ့တာပါ။ စပါးအသင်းရဲ့ဂိုးသမား ဗွန်းကလည်း အကောင်းဆုံးလက်စွမ်းပြခဲ့တာကြောင့် လီဗာပူးလ်တို့ဂိုးစောစောရဖို့ခက်ခဲ့ပါတယ်။

Photo: Reuters

ပွဲချိန် (၃၉) မိနစ်မှာတော့ လီဗာပူးလ်အသင်းအဖွင့်ဂိုးရသွားခဲ့ပြီး ဝိုင်နယ်လ်ဒမ်းက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။
ဒီဂိုးဟာ ဝိုင်နယ်လ်ဒမ်းရဲ့ ပထမဆုံးပရီးမီးယားလိဂ်အဝေးကွင်းသွင်းဂိုးဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက် (၈)ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ (ဝ-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ စပါးအသင်းကချေပဂိုးအတွက်ကြိုးစားခဲ့သလို၊ လီဗာပူးလ်အသင်းကလည်း ဂိုးတွေထပ်ရဖို့တိုက်စစ်ကိုပဲအသားပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်အသင်းက စပါးအသင်းကို ကစားကွက်ကောင်းကောင်းနဲ့ဖိအားပေးနိုင်ခဲ့ပြီး မာနေရဲ့ကန်သွင်းချက်ကို စပါးဂိုးသမားဗွန်း ကာကွယ်နိုင်ခဲ့သလို၊ ဖေမီနို၊ ဆာလာတို့ရဲ့အားထုတ်မှုတွေကလည်းအရာမထင်ခဲ့ပါဘူး။

စပါးအသင်းကတော့ ဂိုးရဖို့နီးစပ်တဲ့အခွင့်အရေးတွေနည်းပါးလွန်းခဲ့ပြီး လီဗာပူးလ်ခံစစ်ရဲ့မာကျောမှုနဲ့ လျှင်မြန်မှုကို ကျော်ဖို့ခက်ခဲ့ပါတယ်။

Photo: Reuters

လီဗာပူးလ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၅၄) မိနစ်မှာ မာနေရဲ့ပေးပို့မှုကို ဗာတွန်ဂန်ဖျက်ထုတ်ရာမှာ ဖေမီနိုရှေ့ကိုရောက်သွားခဲ့ပြီး အလွယ်တကူကန်သွင်းယူသွားခဲ့တာပါ။

ဒီဂိုးဟာဖေမီနိုအတွက် နည်းပြကလော့ပ်လက်ထက်မှာ (၆၁) ဂိုးမြောက်တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှုဖြစ်ခဲ့ပြီး (၃၈)ဂိုးသွင်းယူကာ၊ (၂၃) ဂိုးဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။

လက်ကျန်မိနစ်တွေမှာလည်း လီဗာပူးလ်အသင်းရဲ့အပိုင်ဂိုးသွင်းခွင့်အချို့ကို စပါးအသင်းရဲ့ဂိုးသမား ဗွန်းလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းဂိုးထပ်မရခဲ့တာပါ။

စပါးအသင်းအတွက်တစ်လုံးတည်းသော ချေပဂိုးကိုတော့ မိနစ်(၉၀)အပြီး နာကျင်အချိန်ပို (၂)မိနစ်မှာ အဲရစ်ဆင်ရဲ့ထောင့်ကန်ဘောကတစ်ဆင့် လာမယ်လာက တစ်ချက်ထိန်းပြီး ထောင့်ဖြတ်အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရပြီး (၅)ပွဲကစား၊ (၅)ပွဲနိုင်ပြီး အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်ခဲ့ပါတယ်။

 

■ ယနေ့ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

လာလီဂါပွဲစဉ်

အက်သလက်တီကိုမက်ဒရစ် ၁-၁ အီဘာ

 

Most Read

Most Recent