ရပ်ရှ်ဖို့ဒ်၏ပွဲထွက်ခွင့်နှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် မော်ရင်ဟိုကာကွယ်ပြောကြား

ရပ်ရှ်ဖို့ဒ်၏ပွဲထွက်ခွင့်နှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် မော်ရင်ဟိုကာကွယ်ပြောကြား
Published 15 September 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၏ပွဲထွက်ခွင့်နှင့်ပတ်သက်ပြီး ဝေဖန်မှုများအပေါ် ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး မန်ယူနည်းပြမော်ရင်ဟိုက ၎င်းအား ယခုရာသီတွင် ပွဲချိန်အနည်းငယ်သာ အသုံးပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်နေခြင်းဖြစ်သည်။

မော်ရင်ဟိုက မိမိအနေဖြင့် ရပ်ရှ်ဖို့ဒ်အား အခြားပရီးမီးယားလိဂ်ထိပ်တန်းအသင်းများတွင်ပါဝင်နေသည့် အင်္ဂလန်လူငယ်ကစားသမားများထက် ပိုမိုပွဲထွက်ကစားစေခဲ့သလို ပြီးခဲ့သည့်ရာသီများတွင်လည်း အသင်း၏အဓိကကစားသမားတစ်ဦးအဖြစ် အသုံးပြုခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက '' လူတွေက သူ့ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတယ်။ ဒါက အတော် စိတ်ရှုပ်စရာပါ။ ရပ်ရှ်ဖို့ဒ်ဟာ ဆိုလန်ကီ မဟုတ်ပါဘူး။ ဒါ့အပြင် သူဟာ လော့ဖ်တပ်ချိခ်လည်းမဟုတ်သလို ကယ်လ်ဗတ်လူဝင်လည်း မဟုတ်ပါဘူး။ သူက ထိပ်တန်းပြိုင်ပွဲတွေမှာသူ့အသက်အရွယ်နဲ့ မယုံနိုင်စရာကောင်းလောက်အောင် ပွဲတွေအများကြီး၊ မိနစ်တွေအများကြီးကစားထားတဲ့ မန်ယူကစားသမား ရပ်ရှ်ဖို့ဒ်ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းပရိသတ်တွေအနေနဲ့ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ လင်ဂတ်၊ တွမ်မီနေးတို့နဲ့ပတ်သက်ပြီး ကျွန်တော်တု့ိ ဘယ်လိုအသုံးပြုနေတယ်ဆိုတာကို နားလည်အောင် အရင်ကြိုးစားပါ'' ဟု ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် လက်စတာအသင်းနှင့်ကစားခဲ့သည့် ရာသီအဖွင့်ပွဲစဉ်တစ်ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး ကျန်ပွဲစဉ်များတွင် လူစားဝင်အဖြစ်သာ ကစားခဲ့ရသည်။

လက်ရှိအချိန်တွင် ရပ်ရှ်ဖို့ဒ်အနေဖြင့် ဘန်လေနှင့်ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့်  ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ရာ မော်ရင်ဟိုက ယင်းပွဲစဉ်တွင် ရပ်ရှ်ဖို့ဒ်ကို အသုံးမပြုလျှင်ပင် မိမိမှာဝေဖန်ခံရနိုင်သေးကြောင်း အရွှန်းဖောက်ပြောကြားခဲ့သေးသည်။

ရပ်ရှ်ဖို့ဒ်သည် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလက မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီးနောက် လက်ရှိအချိန်အထိ (၇၂၈၀)မိနစ်ပါဝင်ကစားထားပြီး ယင်းမှတ်တမ်းမှာ အသက်(၂၁)နှစ်အောက်ကစားသမားတစ်ဦးအနေဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းအတွက် အများဆုံးပါဝင်ကစားထားသည့် ပွဲချိန်မိနစ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent