ပြီးခဲ့သည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း အရှုံးပေါ်ပြီး ကြွေးမြီနှစ်ဆနီးပါးတိုးလာ

ပြီးခဲ့သည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း အရှုံးပေါ်ပြီး ကြွေးမြီနှစ်ဆနီးပါးတိုးလာ
Published 15 September 2018

 

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ရာသီတွင် စီးရီးအေချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သော်လည်း ဘဏ္ဍာရေးရှင်းတမ်း၌ အရှုံးပေါ်ပြီး ကြွေးမြီပမာဏမှာလည်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေအမှတ်ပေးလိဂ်နှင့် ကိုပါအီတာလီယာဖလားစသည့် ပြည်တွင်းပြိုင်ပွဲများ၌ ချန်ပီယံဘွဲ့ကာကွယ်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်။

ထို့ကြောင့် ဝင်ငွေရရှိမှုပမာဏမှာ ယခင် ၂၀၁၆-၂၀၁၇ ရာသီထက် ယူရို ၅၈ သန်း လျော့ကျသွားပြီး စုစုပေါင်း ယူရို ၅၀၄. ၇ သန်းသာရရှိခဲ့သည်။

ထို့ပြင် ကစားသမားအပြောင်းအရွှေ့ပြုလုပ်ရာတွင်လည်း ပြန်လည်ရောင်းချမှုထက် ခေါ်ယူမှုအသုံးစရိတ်ပိုများခဲ့သလို လစာပေးချေမှုပမာဏမှာလည်း မြင့်တက်လာကြောင်း သိရသည်။

သို့ဖြစ်ရာ ၂၀၁၆-၂၀၁၇ ရာသီက ယူရို ၄၂.၆ သန်း အမြတ်ရခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ရာသီတွင်မူ ယူရို ၁၉.၂ သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

နှစ်ကုန်ဘဏ္ဍာ ရေးရှင်းတမ်းတွင် အရှုံးပေါ်ခဲ့သောကြောင့်  ဂျူဗင်တပ်စ်အသင်း၏ ကြွေးမြီပမာဏမှာ လည်း ၉၀.၇ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ယခင်က ယူရို ၁၄၇.၃ သန်းရှိရာမှ ယူရို ၃၀၉.၈ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ရာသီက အမြတ်ငွေများစွာရရှိခြင်းမှာ ပြည်တွင်းပြိုင်ပွဲနှစ်ခုစလုံး ဗိုလ်စွဲသည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး နွေရာသီနှင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါ့ဘာ၊ မိုရာတာ၊ ပယ်ရေရာ၊ ဟာနာနက်စ် စသည့် ကစားသမားများအား ရောင်းချရာမှ အမြတ်အစွန်းများရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ် နွေရာသီတွင် စီရော်နယ်လ်ဒိုကို ယူရိုသန်း ၁၀၀၊ ကန်ဆယ်လိုကို ယူရို ၄၀.၄ သန်း၊ ဘိုနူချီကို ယူရို ၃၅ သန်း၊ ပါရင်ကို ယူရို ၁၅ သန်း၊ ဒူးဂလပ်စ်ကော်စတာကို ယူရိုသန်း ၄၀၊ ဖာဗယ်လီကို ယူရို ၇.၅ သန်းဖြင့် ခေါ်ယူ ထားရာ စုစုပေါင်းအသုံးစရိတ် ယူရိုသန်း ၂၄၀ နီးပါးရှိနေသည့်အပြင် စီရော်နယ်လ်ဒိုအတွက် လစာမြင့်မားစွာပေးချေရသဖြင့် ရာသီကုန်တွင်လည်း ဘဏ္ဍာရေးအရှုံးပေါ်ဖွယ်ရှိကြောင်း သုံးသပ်ခန့်မှန်းထားသည်။

သို့သော် စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းမှာ စံချိန်တင်မြင့်တက်လျက်ရှိကြောင်းသိရသည်။

Most Recent