နံပါတ်(၂၀)ကို အမြဲဝတ်ဆင်သွားရန် အစီအစဉ်မရှိဟု အဆန်စီယို ဆို

နံပါတ်(၂၀)ကို အမြဲဝတ်ဆင်သွားရန် အစီအစဉ်မရှိဟု အဆန်စီယို ဆို
Published 14 September 2018

Photo: AFP

ရီးယဲလ်အသင်းမှ စပိန်လူငယ်တိုက်စစ်မှူး အဆန်စီယိုက လက်ရှိဝတ်ဆင်နေသည့် နံပါတ်(၂၀)ကို အမြဲဝတ်ဆင်သွားရန် အစီအစဉ်မရှိကြောင်း Panenka မဂ္ဂဇင်းနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
အဆန်စီယို(၂၂ နှစ်)သည် မာယော့ကာအသင်းမှ ရီးယဲလ်အသင်းသို့ ၂၀၁၄ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့သော်လည်း ၂၀၁၆-၁၇ ရာသီမှသာ ရီးယဲလ်အသင်းအတွက် စတင်ကစားခဲ့ရခြင်းဖြစ်သည်။
အဆန်စီယိုသည် ရီးယဲလ်အသင်းတွင် နံပါတ်(၂၈)ကို စတင်ဝတ်ဆင်ခဲ့ပြီး နောက်ပိုင်းမှ နံပါတ်(၂၀)ကို ပြောင်းလဲဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက် အဓိကတိုက်စစ်ကစားသမားတစ်ဦးအဖြစ် ပိုမိုနေရာရလာသည့် အဆန်စီယိုသည် စီရော်နယ်လ်ဒို၏ နံပါတ်(၇)ကို ရယူခဲ့ခြင်းမရှိသည့်အတွက် Panenka က မေးခွန်းထုတ်ခဲ့ခြင်းလည်းဖြစ်သည်။
အဆန်စီယိုက ''ကျွန်တော့်ရဲ့ကစားသမားဘဝကို နံပါတ်(၂၀)ဝတ်ဆင်ပြီး အဆုံးသတ်မသွားချင်ပါဘူး။ ကျွန်တော် အပြောင်းအလဲလုပ်သွားချင်ပါတယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် စီရော်နယ်လ်ဒို မရှိတော့သည့်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် ''စီရော်နယ်လ်ဒို ရှိတာ မရှိတာထက် ရာသီသစ်ကို မျှော်လင့်ချက်အပြည့်နဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ပါတယ်။ အသင်းမှာ ပုံမှန်နေရာ ရယူနိုင်ဖို့နဲ့ ပိုပြီးအရေးပါတဲ့သူ ဖြစ်လာဖို့ပါ။ အခု အဲဒီအတိုင်း ဖြစ်လာပြီလို့ ထင်ပါတယ်။ ကျွန်တော် ရာသီသစ်ကို ကောင်းကောင်းစတင်နိုင်ခဲ့သလို၊ ကျွန်တော့်အလုပ်ကိုလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်'' ဟုပြောကြားခဲ့သည်။
အဆန်စီယိုသည် ယခုရာသီ လာလီဂါတွင် ရီးယဲလ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးသေ်ာလည်း ၎င်း၏ ထိုးဖောက်မှုမှ ပယ်နယ်တီ(၃)ကြိမ် ရရှိခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent