ဆနိုက်ဒါကို (၁၅)နှစ်တာအတွင်း ဝတ်ဆင်ခဲ့သည့် ဝတ်စုံ(၁၅)မျိုးဖြင့် ပေါင်းစပ်ဖန်တီးထားသည့် နယ်သာလန်အသင်းဝတ်စုံ လက်ဆောင်ပေးအပ်

ဆနိုက်ဒါကို (၁၅)နှစ်တာအတွင်း ဝတ်ဆင်ခဲ့သည့် ဝတ်စုံ(၁၅)မျိုးဖြင့် ပေါင်းစပ်ဖန်တီးထားသည့် နယ်သာလန်အသင်းဝတ်စုံ လက်ဆောင်ပေးအပ်
Published 13 September 2018

Photo: Instagram-sneijder10official

နယ်သာလန်လက်ရွေးစင်အသင်းမှ အနားယူခဲ့ပြီဖြစ်သည့် ကွင်းလယ်ကစားသမား ဆနိုက်ဒါ(၃၄ နှစ်)ကို နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က အထူးဝတ်စုံ ဖန်တီး၍ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆနိုက်ဒါသည် နယ်သာလန်လက်ရွေးစင်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါဝင်ကစားခဲ့ပြီး (၁၃၄)ပွဲကစားကာ (၃၁)ဂိုး သွင်းယူခဲ့သည်။
ယင်းကာလအတွင်း နယ်သာလန်လက်ရွေးစင်အသင်းသည် ဝတ်စုံဒီဇိုင်း(၁၅)မျိုး ပြောင်းလဲအသုံးပြုခဲ့ပြီး ယင်းဝတ်စုံအားလုံးကို ပေါင်းစပ်ဖန်တီးထားသည့်အထူးဝတ်စုံအား လက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းဝတ်စုံတွင် ဆနိုက်ဒါ ဝတ်ဆင်နေကျ နံပါတ်(၁၀)ကို ထည့်သွင်းထားသလို၊ ဆနိုက်ဒါ ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူနိုင်ခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှ နယ်သာလန်-ဘရာဇီးလ်ပွဲ အမှတ်တံဆိပ်ကိုလည်း ထည့်သွင်းထားခဲ့သည်။
ဆနိုက်ဒါသည် ယင်းဝတ်စုံသစ် ဝတ်ဆင်ထားသည့်ပုံကို Instagram တွင် တင်ခဲ့ပြီး ''ဒီတီရှပ်က (၁၅)နှစ်အတွင်း ဒတ်ချ်လက်ရွေးစင်အသင်းအတွက် ကျွန်တော်ကစားခဲ့စဉ်မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံအားလုံးနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။ ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်ပါ''ဟု ရေးသားဖော်ပြခဲ့သည်။
ဆနိုက်ဒါသည် ၂၀၀၃ ခုနှစ်၊ ဧပြီ(၃၀)တွင် ကစားခဲ့သော ပေါ်တူဂီနှင့်ပွဲ၌ နယ်သာလန်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ(၆)ရက်နေ့က ပီရူးအသင်းနှင့် ကစားခဲ့သောပွဲမှာ သူ၏ နောက်ဆုံးပွဲဖြစ်ခဲ့သည်။
ဆနိုက်ဒါသည် နယ်သာလန်လက်ရွေးစင်အသင်း၏ ပွဲအများဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားသူဖြစ်သည်။

Most Read

Most Recent