ဥရောပတစ်နှစ်တာအကောင်းဆုံးကလပ်အသင်းအဖြစ် ရီးယဲလ်အသင်း (၃)နှစ်ဆက်နှင့် (၄)ကြိမ်မြောက်ရွေးချယ်ခံရ

ဥရောပတစ်နှစ်တာအကောင်းဆုံးကလပ်အသင်းအဖြစ် ရီးယဲလ်အသင်း (၃)နှစ်ဆက်နှင့် (၄)ကြိမ်မြောက်ရွေးချယ်ခံရ
Published 13 September 2018

 

ဥရောပကလပ်အသင်းများအဖွဲ့အစည်း (European Club Association) မှရွေးချယ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ် အတွက် ဥရောပတစ်နှစ်တာအကောင်းဆုံးကလပ်အသင်း (European Club of the Year) ဆုကို ရီးယဲလ်မက်ဒရစ်အသင်းက (၃)ကြိမ်ဆက်နှင့် (၄)ကြိမ်မြောက်အဖြစ်ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ဥရောပကလပ်အသင်းများအဖွဲ့အစည်း (European Club Association) မှရွေးချယ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ် အတွက် ဥရောပတစ်နှစ်တာအကောင်းဆုံးကလပ်အသင်း (European Club of the Year) ဆုကို ရီးယဲလ်မက်ဒရစ်အသင်းက (၃)ကြိမ်ဆက်နှင့် (၄)ကြိမ်မြောက်အဖြစ်ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီက ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားနှင့် စပိန်စူပါဖလားတို့တွင် ချန်ပီယံဆုများရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုအား (၃)နှစ်ဆက်ရယူနိုင်ခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့သည်။

ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် ယခုကဲ့သို့ ဥရောပတစ်နှစ်တာအကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင်လည်း ဆွတ်ခူးရရှိထားသောကြောင့် (၃)ကြိမ်ဆက်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုအား စက်တင်ဘာလအတွင်းပြုလုပ်သည့် ECA ၏အထွေထွေညီလာခံတွင် ရွေးချယ်လေ့ရှိပြီး ၂၀၁၀ ခုနှစ်မှစတင်၍ နှစ်စဉ် ပုံမှန်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုအား ဥရောပချန်ပီယံလိဂ်ဖလား ရယူနိုင်သည့်အသင်းများက ရရှိလေ့ရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး (၅)ကြိမ်တွင် (၄)ကြိမ်ဗိုလ်စွဲခဲ့သည့် ရီးယဲလ်အသင်းမှာ အဆိုပါဆုအား အကြိမ်အများဆုံးအဖြစ် (၄)ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။

ECA သည် ယခုဆုပေးပွဲတွင် ဥရောပတစ်နှစ်တာ အကောင်းဆုံးကလပ်အသင်းဆုအပြင်၊ အတိုးတက်ဆုံး ကလပ်အသင်းဆု၊အသင်းအဖွဲ့နှင့် လူမှုရေးအစီအစဉ်များတွင် အကောင်းဆုံးစွမ်းဆောင်နိုင်သောဆုနှင့် အကောင်းဆုံး အမျိုးသမီးကလပ်အသင်းဆုတို့ကိုပါ ရွေးချယ်ချီးမြှင့်ခဲ့သည်။

ယခုနှစ် ၂၀၁၈ အတွက် အဆိုပါဆုများကို သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်၊ ဘယ်လ်ဂျီယံကလပ် KAA ဂျန့်နှင့် အင်္ဂလန်ကလပ်အသင်းများဖြစ်သော အာဆင်နယ်နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်းများက ရရှိခဲ့ကြသည်။

အဆိုပါ ECA ၏အထွေထွေညီလာခံကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၀၊ ၁၁)ရက်များတွင် ခရိုအေးရှားနိုင်ငံ၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင်ဥရောပကလပ်အသင်းပေါင်း (၁၆၀) မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကာ၊ ဥရောပကလပ် အသင်းပြိုင်ပွဲများ၏ အနာဂတ်များနှင့် ပြုပြင်ပြောင်းလဲမှုများစွာကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

Photo : AFP

Most Read

Most Recent