၉/၁၁ ဖြစ်ရပ်ဆိုးတွင် သေဆုံးခဲ့သည့် BGC ဝန်ထမ်းများ၏မိသားစုများအတွက် ရန်ပုံငွေပွဲတွင် နာမည်ကျော်များ ကူညီပေးခဲ့

၉/၁၁ ဖြစ်ရပ်ဆိုးတွင် သေဆုံးခဲ့သည့် BGC ဝန်ထမ်းများ၏မိသားစုများအတွက် ရန်ပုံငွေပွဲတွင် နာမည်ကျော်များ ကူညီပေးခဲ့
Published 13 September 2018

 

Photos: Daily Mail

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ(၁၁)ရက်နေ့က ဖြစ်ပွားခဲ့သော ၉/၁၁ ဖြစ်ရပ်ဆိုးတွင် အသက်ဆုံးရှုံးခဲ့သည့် BGC ဝန်ထမ်းများ၏ မိသားစုများအတွက် ရန်ပုံငွေရှာဖွေပွဲတွင် ပရီးမီးယားလိဂ်မှ နာမည်ကျော်ပုဂ္ဂိုလ်များစွာ ပါဝင်ကူညီပေးခဲ့ကြကြောင်း သိရှိရသည်။ ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော BGC Partners စီးပွားရေးဝန်ဆောင်မှုကုမ္ပဏီမှာ မူလက Cantor Fitzgerald စီးပွားရေးဝန်ဆောင်မှုကုမ္ပဏီ၏ လက်ခွဲကုမ္ပဏီဖြစ်သည်။

Cantor Fitzgerald ကုမ္ပဏီမှာ ၁၉၄၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းဒေသများတွင် စီးပွားရေးစင်တာ များစွာဖွင့်လှစ်ထားရှိသည်။ ယင်းကုမ္ပဏီ သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ World Trade Center တွင်လည်း ကုမ္ပဏီ၏ဝန်ဆောင်မှုလုပ်ငန်းကို ဖွင့်လှစ်ခဲ့သည်။

အထပ်ပေါင်း (၁၁၀)ရှိ World Trade Center အဆောက်အအုံ(၂)ခုအနက် တစ်ခု၏ (၁၀၁)ထပ်မှ (၁၀၅) ထပ်အထိ ယင်းကုမ္ပဏီ၏ ဝန်ဆောင်မှုရုံးခန်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၂၀၀၁ စက်တင်ဘာ(၁၁) ရက်နေ့တွင် World Trade Center အား လေယာဉ်ဖြင့် တိုက်ခိုက်ခံရစဉ်က ယင်းကုမ္ပဏီမှ ဝန်ထမ်း(၆၅၈)ဦးမှာ အသက်ဆုံးရှုံးသူများထဲတွင် ပါဝင်ခဲ့သည်။

ယင်းသေဆုံးခဲ့သူများ၏ မိသားစုဝင်များကို ထောက်ပံ့ကူညီသည့် ရန်ပုံငွေပွဲအား BGC ကုမ္ပဏီက ၂၀၀၅ ခုနှစ်မှစတင်၍ ၉/၁၁ နှစ်ပတ်လည်နေ့တိုင်းတွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကျင်းပသည်မှာ (၁၄)ကြိမ်မြောက် ရှိပြီဖြစ်သည်။ ယင်းရန်ပုံငွေပွဲသို့ နာမည်ကျော်များတက်ရောက်ကြပြီး ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးဝန်ဆောင်မှုကုမ္ပဏီများထံသို့ ဖုန်းဆက်ကာ အလှူငွေများ ကောက်ခံပေးလေ့ရှိသည်။

ယခုနှစ် ရန်ပုံငွေပွဲကို လန်ဒန်မြို့၊ Canary Wharf ရှိ BGC ကုမ္ပဏီစင်တာတွင် ပြုလုပ်ခဲ့ပြီး ယင်းရန်ပုံငွေပွဲသို့ အင်္ဂလန်ဘောလုံးလောကမှ စပါးအသင်းနည်းပြ ပိုချက်တီနို၊ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ၊ ဝေးလ်စ်လက်ရွေးစင်အသင်း နည်းပြ ရိုင်ယန်ဂစ်၊ အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယား အစရှိသော နာမည်ကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့က အလှူငွေကောက်ခံပေးခဲ့ကြကြောင်း သိရှိရသည်။ BGC က ပြုလုပ်သော ရန်ပုံငွေပွဲများတွင် ကောက်ခံရရှိသည့် အလှူငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၄၇)သန်း (ပေါင် ၁၁၃ သန်း) ရှိပြီဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent