ဂျွန်တယ်ရီနှင့် တွေ့ဆုံခြင်း

ဂျွန်တယ်ရီနှင့် တွေ့ဆုံခြင်း
Published 13 September 2018

 

Photos: Sport.net,Mirror,Sky Sports

မေး ■ မင်္ဂလာပါ ဂျွန်ရေ . . . မနှစ်ကနွေရာသီတုန်းက ကျွန်တော်တို့ တွေ့ဖြစ်တော့ ခင်ဗျား ကစားသမားဘဝက အနားယူမယ့်အစီအစဉ်အကြောင်း ပြောဖြစ်ခဲ့ကြသေးတယ်နော်။
ဖြေ ■ ဟုတ်တယ်၊ မနှစ်တုန်းက အနားယူဖို့အကြောင်း ကျွန်တော်တို့ ပြောဖြစ်ခဲ့ကြသေးတယ်။ ဒါပေမဲ့ ကျွန်တော် အက်စတွန်ဗီလာကို ပြောင်းဖြစ်ခဲ့ပါတယ်။ ဗီလာပတ်ခ်က အချိန်တွေကို ကျွန်တော်ချစ်တယ်။ ပရီးမီးယားလိဂ်ကို တန်းမတက်နိုင်ခဲ့လို့ ယူကျုံးမရဖြစ်ခဲ့ရတယ်။ မန်နေဂျာရော၊ အသင်းဖော်တွေရော၊ ပရိသတ်တွေရော ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့ကြပါတယ်။ ကျွန်တော်က ရှုံးနိမ့်တာကို မကြိုက်ဘူး။ ဗီလာပတ်ခ်မှာ ကျွန်တော် အလုပ်မပြီးပြတ်ခဲ့သလို ခံစားရပါတယ်။ စတိဗ်ဘရုစ်က အရမ်းတော်တဲ့ နည်းပြပါ။ ပိုင်ရှင်အသစ်တွေလက်ထဲမှာ ဗီလာအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ထင်ပါတယ်။

မေး ■ ခင်ဗျား ဘောလုံးဆက်ကစားဖို့ အစီအစဉ်ရှိသေးလား။ ခင်ဗျား ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဘဝကိုရော ကျေနပ်မှုရှိရဲ့လား။
ဖြေ ■ ကျွန်တော် ဘောလုံးဆက်မကစားဖြစ်တော့ရင်လည်း ကျွန်တော့်ဘဝကို ကျွန်တော် ကျေနပ်နိုင်ပါတယ်။ ကျွန်တော်က မယုံကြည်နိုင်စရာ ကစားသမားဘဝ၊ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာပဲ။ မကျေနပ်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ဘောလုံးဆက်ကစားနေချင်တုန်းပဲ။ ကျွန်တော့်မှာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကလို ကြံ့ခိုင်မှုမျိုး ရှိနေဆဲလို့ထင်ပါတယ်။ ပြီးတော့ ကျွန်တော် အရမ်းကောင်းတဲ့ နွေရာသီအားလပ်ရက်လည်း ပိုင်ဆိုင်ခဲ့တယ်လေ။ နှစ်(၂၀)အတွင်းမှာ ပထမဆုံးအကြိမ် မိသားစုနဲ့ အားလပ်ရက်ကို လွတ်လွတ်လပ်လပ် ကုန်ဆုံးနိုင်ခဲ့တယ်။ အခု ကျွန်တော် အပြည့်အဝလန်းဆန်းနေပါပြီ။

မေး ■ အသက်(၃၀)အရွယ်ကထက် အဆီတွေ ပိုလျော့သွားတယ်လို့ သိရတယ်။ ဘယ်လို နည်းလမ်းကောင်းတွေများ ရှိလို့လဲ။
ဖြေ ■ ကျွန်တော့်အတွက် သီးသန့်စားဖိုမှူးတစ်ယောက် ငှားထားတယ်လေ။ သူ့နာမည်က ဂျွန်နီမာ့ရှ်ပါ။ ကျွန်တော် အစားအသောက်ကို သူစီစဉ်ပေးတဲ့အတိုင်း စားဖြစ်ပါတယ်။ နောက်ပြီး တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အချိန်ကြာကြာလေး အနှိပ်ခံဖြစ်တယ်။ ကျွန်တော် အခုလို ကြံ့ခိုင်မှုမျိုးကို ထိန်းထားနိုင်တာ အရမ်းကို ကံကောင်းတယ်လို့ ထင်မိပါတယ်။ ဒီနေ့ ခေတ်လို ကြံ့ခိုင်မှုပိုင်း တောင်းဆိုမှုမြင့်တဲ့အချိန်မှာ ကျွန်တော်က ဒီအသက်အရွယ်နဲ့ ကစားနေနိုင်တုန်းပဲလေ။

မေး ■ အက်စတွန်ဗီလာမှာ ကစားရတာ ဘယ်လိုနေလဲ။
ဖြေ ■ ဗီလာမှာ ဆနော့ဂရက်စ်၊ ဂရီးလစ်ရှ်တို့နဲ့ အတူတွဲပြီး လေ့ကျင့်ဖြစ်တယ်။ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ထဲက ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့တာပါပဲ။ ဒီက ပရိသတ်တွေက အရမ်းကောင်းတယ်။ ဘာမင်ဂမ်အသင်းနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် လေ့ကျင့်ရေးကွင်းထဲအထိ လာအားပေးကြတယ်။ သူတို့က ဘာမင်ဂမ်ကို ရှုံးရတာထက်စာရင် တန်းတောင်ဆင်းချင်သေးတယ်လို့ ပြောလေ့ရှိ တယ်။ ကျွန်တော်တို့ ဘာ မင်ဂမ်ကို (၂-ဝ)ဂိုးနဲ့ နိုင်ခဲ့တုန်းက ဗီလာပတ်ခ်တစ်ကွင်းလုံး အုန်းအုန်းကျွက်ကျွက်ပဲ။ "ဂျွန်၊ ဒါမင်းပိုင်ဆိုင်ဖူးတဲ့အထဲမှာ အကြီးမားဆုံး အိမ်ကွင်းပရိသတ်အားပဲ"လို့ တချို့က ပြောပါသေးတယ်။

မေး ■ Sky Sports ဒါမှမဟုတ် BT Sports တို့က ခင်ဗျားကို ရုပ်သံသုံးသပ်သူအဖြစ် အလိုရှိနေကြတယ်မဟုတ်လား။
ဖြေ ■ ဟုတ်ကဲ့ ရုပ်သံသုံးသပ်သူအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။

မေး ■ နည်းပြဘဝကို ကူးပြောင်းဖို့ရော စိတ်ကူးရှိသလား။ ချယ်လ်ဆီးအသင်းကို နည်းပြဖို့ စိတ်ကူးရှိလား။
ဖြေ ■ ဟုတ်ကဲ့ ရှိပါတယ်။ ချယ်လ်ဆီးအသင်းကိုလည်း တစ်နေ့မှာ နည်းပြချင်ပါသေးတယ်။ ဒါဘီမှာ လမ်းပတ်၊ ရိန်းဂျားစ်မှာ ဂျရတ်တို့ နည်းပြအဖြစ် ဆောင်ရွက်နေကြတာကိုမြင်တော့ ကျွန်တော်လည်း အဲဒီလိုဘဝမျိုး လိုချင်လာပါတယ်။ ကျွန်တော်ကလည်း စီမံခန့်ခွဲမှုနဲ့ နည်းပြပညာကို အနီးကပ်လေ့လာခဲ့ဖူးသူတစ်ယောက်ပဲလေ။

မေး ■ ခင်ဗျားရဲ့ လက်ဦးဆရာက ရေးဝီလ်ကင်စ်လို့ သိရတယ်။ သူ့အကြောင်း အမှတ်တရလေး ပြောပေးပါဦး။
ဖြေ ■ သူက ကျွန်တော့်ရဲ့ လက်ဦးဆရာပါပဲ။ ကျွန်တော် ကိစ္စတစ်ခုခုဖြစ်တိုင်း ပထမဆုံး ဖုန်းဆက်လေ့ရှိတဲ့လူက သူပဲ။ ကျွန်တော့်နားထဲ သူ့ရဲ့အသံတွေ အမြဲကြားယောင်နေတယ်။ သူက အနားယူပြီးတဲ့နောက်မှ ဘောလုံးကစားရတာကို အမြဲပြန်တမ်းတနေခဲ့တဲ့သူ။ "ဂျွန် ဘောလုံးကို မင်းကစားနိုင်တဲ့အချိန်ထိ ကစားစမ်းကွာ" ဆိုပြီး သူ ကျွန်တော့်ကို အမြဲပြောလေ့ရှိတယ်။ သူက ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တဲ့သူပါ။ ကျွန်တော် အခုလို အောင်မြင်တဲ့ ကစားသမားဖြစ်လာတာ သူ့ကြောင့် အများကြီးပါပါတယ်။ ကျွန်တော် သူ့ကိုအရမ်းလွမ်းပါတယ်။ ( ရေးဝီလ်ကင်စ်သည် ပြီးခဲ့သည့်ဧပြီလက ကွယ်လွန်ခဲ့သည်။)

မေး ■ ကစားသမားဘဝမှာ အမှတ်ရစရာ ပုဂ္ဂိုလ်တွေရှိသေးလား။ ဘယ်သူတွေက ခင်ဗျားရဲ့ ကျေးဇူးရှင်တွေလို့ ဆိုနိုင်မလဲ။
ဖြေ ■ ဇိုလာက ကျွန်တော့် ကစားသမားဘ၀ အစောပိုင်းရဲ့ ကျေးဇူးရှင်ပါ။ ကျွန်တော့်ဆီမှာ သူ့ကျေးဇူးတွေ အများကြီး ရှိပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော့်ကို (၁၀)ကြိမ် ကျော်ဖြတ်ပြခဲ့တယ်။ နောက်ပြီးမှ ကျွန်တော် သူ့ကိုတားဖို့ ဘယ်လိုမျိုးတွေ လုပ်သင့်တဲ့အကြောင်း သင်ပေးခဲ့တယ်။ နောက်တစ်ယောက်က မော်ရင်ဟိုပါ။ ကျွန်တော်တို့ ဖလားရခဲ့တဲ့ ရာသီမှာပဲ "မင်း ဒီလို ဘောလုံးတွေဆုံးရှုံးနေဦးမယ်ဆိုရင် ငါ သန်း(၅၀)လောက်သုံးပြီး နောက်တစ်ယောက်ဝယ်ရလိမ့်မယ်" လို့ သူပြောခဲ့တယ်။ အဲဒီရာသီမှာ ကျွန်တော် သူ့အတွက် ပွဲတိုင်းကစားပေးခဲ့တာပါ။ သူက ကျွန်တော့်ကို ဒီလိုမျိုး အရှက်ခွဲရက်တယ်လို့ တွေးမိခဲ့သေးတယ်။ နောက်မှ သူ ကျွန်တော့်ကို တိုးတက်စေချင်လို့ပြောမှန်း သဘောပေါက်လာပါတယ်။ ကျွန်တော်က ဟိုဆေးရဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းကို လိုက်မှတ်ထားပါတယ်။ ဘာတွေလုပ်လဲ၊ ဘယ်လောက်ကြာကြာ လေ့ကျင့်သလဲပေါ့။ သူနဲ့ စတွေ့စဉ်တည်းက ကျွန်တော် အဲဒီလို လိုက်မှတ်ထားခဲ့တာပါ။ သူက မယုံနိုင်စရာကောင်းအောင်တော်ပါတယ်။

မေး ■ ခင်ဗျားရဲ့ ကစားသမားဘဝကို ဘယ်လို မြင်လဲ။
ဖြေ ■ ကျွန်တော့်ကစားသမားဘဝကို ပြန်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်က ပါရမီရှင်ကစားသမားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အောင်နိုင်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့တော့ ထင်ပါ တယ်။

Most Read

Most Recent