ဥရုဂွေးအသင်း၌ ဒဏ်ရာရခဲ့သော တော်ရဲရား အာဆင်နယ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်

ဥရုဂွေးအသင်း၌ ဒဏ်ရာရခဲ့သော တော်ရဲရား အာဆင်နယ်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ပြန်လည်ပါဝင်
Published 13 September 2018

 

Photo: Evening Standard

အာဆင်နယ်အသင်း၏ ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူ တော်ရဲရားသည် ဒဏ်ရာသက်သာလာပြီဖြစ်သဖြင့် အသင်း၏လေ့ကျင့်ခန်းအစီအစဉ်များတွင် ပြန်လည်ပါဝင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၇)ရက်နေ့က ကစားခဲ့သော မက္ကဆီကို (၁-၄) ဥရုဂွေးပွဲတွင် တော်ရဲရားသည် ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းအစတွင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ စတူအာနီနှင့် လူစားလဲခဲ့ရသည်။ တော် ရဲရားသည် ပြီးခဲ့သည့်အင်္ဂါနေ့မှစတင်၍ အာဆင်နယ်အသင်း၏လေ့ကျင့်ခန်းအစီအစဉ် များတွင် ပြန်လည်ပါဝင်လေ့ကျင့်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ သူ့အနေဖြင့် ယခုစနေနေ့တွင် ကစားမည့် နယူးကာဆယ် - အာဆင်နယ်ပွဲ၌ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တော်ရဲရားသည် ပြီးခဲ့သည့်နွေရာသီအပောင်းအရွှေ့ကာလအတွင်း ဆမ်ဒိုးရီးယားအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၂၆.၄)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ယခုရာသီ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲစလုံးတွင် ကစားခွင့်ရရှိခဲ့သည်။ သို့သော် ယင်းပွဲ(၄)ပွဲစလုံးတွင် အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီသည် ၎င်းအား ပွဲထွက်အဖြစ် အသုံးပြုခဲ့ခြင်းမဟုတ်ဘဲ အရန်အဖြစ် ပါဝင်စေခဲ့ခြင်းဖြစ်သည်။

အသက်(၂၂)နှစ်အရွယ်ရှိသူ တော်ရဲရားသည် အသင်း၌ ကစားရသည့်အချိန်တွင် အမှားအယွင်းကင်းစွာဖြင့် ခြေစွမ်းပြကစားနိုင်သူဖြစ်ရာ အူနိုင်းအမ်မရီသည် ၎င်းင်းကို ပွဲထွက်အသုံးပြုရန် စဉ်းစားနေကြောင်းလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၄)ပွဲကစား၊ (၂)ပွဲနိုင်၊ (၂)ပွဲရှုံး၊ (၆)မှတ်ဖြင့် အဆင့်(၉)နေရာ၌ ရပ်တည်နေသည်။

Most Read

Most Recent