<

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏လှောင်ပြောင်မှုကို ဘရာဇီးလ်နည်းပြ ထိထီ တုံ့ပြန်

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ ထိထီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြီးခဲ့သည့်လက လှောင်ပြောင်မှုကို ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ သြဂုတ်လအတွင်းက FIFA ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို အိမ်ဖြူတော်သို့ လာရောက်လည်ပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ သမ္မတဒေါ်နယ်ထရန့်က ရုရှားကမ္ဘာ့ဖလားတွင် ဘရာဇီးလ်အသင်းကျရှုံးခဲ့မှုကို အရွှန်းဖောက်ခဲ့ခြင်းဖြစ်သည်။

Photos: AFP

ယင်းသတင်းစာရှင်းလင်းပွဲ၌ ဘရာဇီးလ်သတင်းထောက်တစ်ဦး၏ မေးခွန်းကို မဖြေကြားမီ သမ္မတ ထရန့်က ” ဘောလုံးတိုင်းပြည်ကလား….. မင်းမှာ လတ်တလောပြဿနာ အနည်းငယ်ရှိနေတယ်လို့ ငါယူဆမိပါတယ်” ဟု လှောင်ပြောင်ခဲ့သည်။ ထို့ကြောင့် ထိထီက စက်တင်ဘာ (၁၀) ရက်က ပြုလုပ်သည့် အယ်လ်ဆာဗေးဒိုးနှင့်ခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် လက်(၅)ချောင်းထောင်ပြီး ” ထရန့်အတွက် ကျွန်တော့်ရဲ့အဖြေကတော့ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ချန်ပီယံဆုကို (၅)ကြိမ်တိုင် ရရှိခဲ့ပြီးပြီဆိုတာပါပဲ။ ဖြစ်သင့်တာက သူ့အနေနဲ့ သမိုင်းကြောင်းကို ပိုသိသင့်ပါတယ်” ဟု သတင်းထောက်များသို့ ပြောကြားသည်။

နည်းပြ ထိထီ၏ဘရာဇီးလ်အသင်းသည် ယနေ့နံနက်ပိုင်းက အမေရိကန်၌ အယ်လ်ဆာဗေးဒိုးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ (၆-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းမတိုင်မီခြေစမ်းပွဲတွင်လည်း အမေရိကန်အသင်းအား(၂-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ အမေရိကန်ခရီးစဉ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည်  အယ်လ်ဆာဗေးဒိုးနှင့်ပွဲတွင်ပါဝင်ခဲ့ပြီး ဘောလုံးဂန္ထ၀င် ပီလီ၏နိုင်ငံတကာပွဲ (၉၂) ပွဲနှင့် တူညီသွားခဲ့ကာ ဘရာဇီးလ်လက်ရွေးစင်အသင်း၏ ပွဲအများဆုံးစာရင်း၌ နံပါတ် (၁၂) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ဘရာဇီးလ်အသင်းအတွက် ပွဲအများဆုံးကစားထားသူမှာ နောက်ခံလူဟောင်း ကာဖူးဖြစ်ပြီး (၁၄၂) ပွဲအထိ ကစားခဲ့သည်။  နေမာသည် ဘရာဇီးလ်အသင်း၏ သွင်းဂိုးအများဆုံးစာရင်းတွင်လည်း (၅၉) ဂိုးဖြင့် နံပါတ်(၃)နေရာ၌ ရပ်တည်နေသူဖြစ်သည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.