နိုင်ဂျီးရီးယားအသင်းနှင့်ခြေစမ်းပွဲတွင် အသက်(၅၁)နှစ်အရွယ်ရှိ လိုက်ဘေးရီးယားသမ္မတ ပါဝင်ကစား

နိုင်ဂျီးရီးယားအသင်းနှင့်ခြေစမ်းပွဲတွင် အသက်(၅၁)နှစ်အရွယ်ရှိ လိုက်ဘေးရီးယားသမ္မတ ပါဝင်ကစား
Published 12 September 2018

ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သည့် လိုက်ဘေးရီးယားနိုင်ငံသမ္မတ ဂျော့ဝီယာသည် နိုင်ဂျီးရီးယားအသင်းအား (၂-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲစဉ်တွင် နိုင်ငံအသင်းအတွက်(၇၉)မိနစ်ခန့်ပါဝင်ကစားပေးခဲ့ကြောင်း သိရသည်။

အသက် (၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျော့ဝီယာသည် မိုနာကို၊ PSG၊ အေစီမီလန်၊ ချယ်လ်ဆီး၊ မန်စီးတီး စသည့်ဥရောပထိပ်တန်းကလပ်များတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၁၉၉၅ ခုနှစ်က Ballon d'Or ဆုကို ရရှိခဲ့သူလည်းဖြစ်သည်။ယင်းပွဲစဉ်တွင် ဂျော့ဝီယာသည် လက်ရွေးစင်အသင်းအတွက် ကျောနံပါတ် (၁၄)အင်္ကျ ီကို ဝတ်ဆင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားပေးခဲ့ခြင်းဖြစ်သည်။

လိုက်ဘေးရီးယားအသင်းသည် အိမ်ကွင်းတွင် ကစားရသည့်ပွဲစဉ်ဖြစ်သော်လည်း ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားများပါဝင်လာသည့် နိုင်ဂျီးရီးယားအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အန်ဒီဒီ၊ အီဟီယာနာချို၊ အီတီဘို စသည့် ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားများပါဝင်ခဲ့သည့် နိုင်ဂျီးရီးယားအသင်းသည် အီတီဘို၊အိုယီကူရူတို့၏သွင်းဂိုးများဖြင့် ဦးဆောင်ခဲ့ပြီး လိုက်ဘေးရီးယားအသင်းအတွက် ချေပဂိုးကို ရှာမန်က ပယ်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့သည်။

လိုက်ဘေးရီးယားသမ္မတ ဂျော့ဝီယာသည် ပြီးခဲ့သည့်လပိုင်းကလည်း ကစားသမားဘဝက မိုနာကိုအသင်းတွင်လက်တွဲခဲ့ဖူးသည့် နည်းပြ အာစင်ဝင်းဂါးအား နိုင်ငံ၏အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်။ ဂျော့ဝီယာသည် ပြီးခဲ့သည့် ဇန်နဝါရီလက လိုက်ဘေးရီးယားနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။

 

Most Read

Most Recent