ရစ်ချာလီဆန်ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘရာဇီးလ်

ရစ်ချာလီဆန်ရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘရာဇီးလ်
Published 12 September 2018

Photos: AFP

ဘရာဇီးလ် ၅-၀ အယ်လ်ဆာဗေးဒိုး

ဒီနေ့မနက်ပိုင်းက အမေရိကန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီ်းလ်အသင်းနဲ့ အယ်လ်ဆာဗေးဒိုးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဘရာဇီးလ်အသင်းဟာ အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆန်ရဲ့သွင်းဂိုး (၂)ဂိုးနဲ့အတူ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီဟာ အမေရိကန်ကို အနိုင်ရခဲ့တဲ့လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး (၄-၃-၃)ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ အထောင်တိုက်စစ်နေရာမှာ ဖေမီနိုအစား ရစ်ချာလီဆန်ကို ပထမဆုံးအကြိမ်ပွဲထွက်အသုံးပြုခဲ့ပြီး အမေရိကန်နဲ့ပွဲကကွင်းလယ်လူ ဖရက်ဒ်ရဲ့နေရာမှာလည်း လူငယ်ကစားသမား အာသာကိုအသုံးပြုခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုးအသင်းကလည်း သူတို့ရဲ့အကောင်းဆုံးလူစာရင်းနဲ့ ဘရာဇီးလ်ကိုရင်ဆိုင်ခဲ့ပေမယ့် အဖက်ဖက်က မယှဉ်နိုင်ခဲ့လို့ အခုလိုဂိုးပြတ်အနိုင်ပေးခဲ့ရတာပါ။ ဘရာဇီးလ်အသင်းနည်းပြ ထိထီဟာလူငယ်ကစားသမားတွေကိုရွေးချယ်ထားပေမယ့် နေမာ၊ ကော်တင်ဟို၊ ကက်စမဲရိုး၊ ဒူဂလပ်စ်ကော်စတာ စတဲ့ အဓိကကစားသမားတွေကို ပွဲထွက်အဖြစ် အမေရိကန်ခြေစမ်းခရီးစဉ် (၂)ပွဲစလုံးမှာ အသုံးပြုခဲ့ပါတယ်။

ဘရာဇီးလ်အသင်းမှာ ချီးကျူးရမှာက နေမာရဲ့ဦးဆောင်မှုနဲ့ လူငယ်ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုပါပဲ။ အသင်းခေါင်းဆောင် နေမာဟာ ဒီနေ့ပွဲမှာ ပယ်နယ်တီကနေ (၁)ဂိုးသွင်းယူပြီး အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ အဲဗာတန်အသင်းတိုက်စစ်ကစားမား ရစ်ချာလီဆန်ကတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားတဲ့ အမေရိကန်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ဒီနေ့ပွဲမှာတော့ ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူခဲ့တာပါ။

ဘရာဇီးလ်အသင်းအတွက် ဂိုးတွေကိုတော့ နေမာက ပွဲချိန်(၄)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့် အဖွင့်ဂိုး၊ ရစ်ချာလီဆန် (၁၆၊ ၅၀)မိနစ်၊ ကော်တင်ဟို(၃၀)မိနစ်နဲ့ မာကွင်ဟို့စ်(၉၀)မိနစ်တို့က သွင်းယူပေးခဲ့တာပါ။

ဒီနေ့မနက်ပိုင်းက အမေရိကန်မှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ အာဂျင်တီးနားတို့ရဲ့ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

တခြားပွဲစဉ်တွေမှာတော့ အမေရိကန်က မက္ကဆီကိုကို (၁-ဝ)ဂိုး၊ ဗင်နီဇွဲလားက ပနားမားကို (၂-ဝ)ဂိုး၊ အီကွေဒေါက ဂွါတီမာလာကို (၂-ဝ)ဂိုးတွေနဲ့ အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်။

Most Read

Most Recent