ကမ္ဘာ့ဖလားဒုတိယဆုရှင် ခရိုအေးရှားကို အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရခဲ့တဲ့ စပိန်

ကမ္ဘာ့ဖလားဒုတိယဆုရှင် ခရိုအေးရှားကို အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရခဲ့တဲ့ စပိန်
Published 12 September 2018

Photo: AFP

UEFA Nations League ပြိုင်ပွဲရဲ့ League (A) - (Group 4) ဒုတိယပွဲစဉ်မှာတော့ စပိန်အသင်းက အိမ်ကွင်းမှာ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ခရိုအေးရှားကို ပေးဂိုးမရှိဘဲ (၆-ဝ) ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အင်းနရစ်ဟာ ဒီနေ့ပွဲစဉ်မှာ လူစာရင်းကိုအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အလွန်ဆိုနေရာမှာ ဂါယာ၊ အက်စ်ပတ်စ်နေရာမှာ အဆန်စီယို၊ သီယာဂိုနေရာမှာ စီဘယ်ယို့စ် စတဲ့ကစားသမားတွေကို ပွဲထွက်အသုံးပြုခဲ့ပြီး အင်္ဂလန်နဲ့ပွဲမှာ ညာတောင်ပံကစားခဲ့တဲ့ ရိုဒရီဂိုကတော့ အထောင်တိုက်စစ်မှူးအဖြစ်ကစားခဲ့ပါတယ်။

ခရိုအေးရှားအသင်းကတော့ (၄-၂-၃-၁) ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး ကမ္ဘာ့ဖလားတုန်းက အထိုင်ဖြစ်တဲ့ ပါရီဆစ်၊ မိုဒရစ်၊ ရာကီတစ်၊ ဘရိုဇိုဗစ်တို့ကို ကိုဗာချစ်တို့လို လူငယ်တွေနဲ့ တွဲဖက်အသုံးပြုသွားခဲ့ပါတယ်။

ပွဲအစပိုင်းမှာ စပိန်တို့ကစားပုံ ပျက်နေခဲ့သလို၊ နောက်တန်းကလည်း အမှားတွေကျူးလွန်ခဲ့လို့ ခရိုအေးရှားတို့ ဖိကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ ပွဲအစပိုင်းမှာတင် ခရိုအေးရှားဘက်က ရာကီတစ်နဲ့ ပါရီဆစ်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။

ပွဲချိန်မိနစ် (၂၀) ကျော်လွန်လာပြီးနောက်မှာတော့ စပိန်ရဲ့ကစားပုံဟာတည်ငြိမ်သွားခဲ့ပြီး (၂၄) မိနစ်မှာပဲ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ညာတောင်ပံကနေ ကာဗာဟယ်လ်တင်ပေးတာကို ဆာအူလ်က ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ နေရာမရခဲ့တဲ့ ဆာအူလ်အတွက် အင်းနရစ်လက်ထက်ပွဲစဉ် (၂)ပွဲမှာ (၂) ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

Photo: AFP

ဂိုးရပြီးနောက်မှာလည်း စပိန်ကပဲ ဆက်တိုက်ဖိကစားပြီး ပွဲချိန် (၃၃) မိနစ်မှာ ခရိုအေးရှားနောက်တန်း လူပေးမှားမှုကနေ အဆန်စီယိုရရှိသွားပြီး ပယ်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းကာ စပိန်အတွက် ဒုတိယဂိုးရယူပေးခဲ့သလို၊ (၃၅) မိနစ်မှာလည်း သူ့ရဲ့ကြိုးစားမှုကြောင့် စပိန်တို့တတိယဦးဆောင်ဂိုးရရှိခဲ့ပြန်ပါတယ်။ ကွင်းလယ်ကနေ စီဘယ်ယို့စ် ချပေးတာကို အဆန်စီယိုက ညာတောင်ပံကနေ ခရိုအေးရှား ကစားသမားတွေကို လှည့်ထွက်ပြီးကန်သွင်းရာမှာ တိုင်ထိထွက်လာခဲ့ပေမယ့် ခရိုအေးရှားဂိုးသမား ကာလီနစ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ (၃-ဝ) ဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ စပိန်ဟာ ဒုတိယပိုင်းမှာလည်း ကစားအားကို မချခဲ့ဘဲ စိတ်ကြိုက်ကစားသွားခဲ့ပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲစဉ်မှာ စပိန်ရဲ့ဘယ်တောင်ပံက ရီးယဲလ်အတွဲဖြစ်တဲ့ ကာဗာဟယ်လ်နဲ့ အဆန်စီယိုတို့ဟာ အတော်လေးအလုပ်ဖြစ်ခဲ့ပြီး ခရိုအေးရှားနောက်တန်းကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် (၄၉) မိနစ်မှာ အဆန်စီယိုရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကနေ ရိုဒရီဂိုက ဆွဲပြေးပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့မှာ စပိန်အတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက် (၈) မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၅၇)မိနစ်မှာ အဆန်စီယိုရဲ့ထောင့်ကန်ဘောကနေ ရာမို့စ်က ခေါင်းတိုက်ပြီး စပိန်အတွက် ပဉ္စမဂိုးကိုသွင်းယူပေးခဲ့သလို၊ ပွဲချိန် မိနစ် (၇၀) မှာလည်း အဆန်စီယိုရဲ့ပေးပို့မှုကနေပဲ အစ္စကိုက ပယ်နယ်တီဧရိယာထဲကနေ ခရိုအေးရှား ကစားသမားတွေ တားဆီးနေတဲ့ကြားက စပိန်အတွက် ဆဋ္ဌမမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo: AFP

အဲဒီနောက်ပိုင်းမှာလည်း စပိန်ဟာ ပွဲကိုထိန်းချုပ်ကစားပြီး ဂိုးသွင်းခွင့် ထပ်ရခဲ့ပေမယ့် ဂိုးတော့ ထပ်မရခဲ့ပါဘူး။ ဒါကြောင့် ပွဲအပြီးမှာ ခရိုအေးရှားကို (၆-ဝ)ဂိုးနဲ့ အနိုင်ရပြီး အင်းနရစ်ရဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်ဟာ လှပခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ဒုတိယရရှိခဲ့တဲ့ ခရိုအေးရှားအတွက်ကတော့ ဒီပွဲဟာ စိတ်ပျက်စရာရှုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဒီနေ့ပွဲစဉ်မှာ လက်ရွေးစင်အသင်း ပွဲ (၁၀၀) ပြည့်မြောက်ခဲ့တဲ့ ရာကီတစ်အတွက်လည်း ကံဆိုးခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

■ UEFA Nations League ပွဲစဉ်ရလဒ်များ

League A (Group-2)
အိုက်စလန် ဝ-၃ ဘယ်လ်ဂျီယံ
League A (Group-4)
စပိန် ၆-၀ ခရိုအေးရှား
League B (Group-3)
ဘော့စနီးယား ၁-၀ ဩစတြီးယား
League C (Group-2)
ဖင်လန် ၁-၀ အက်စ်တိုးနီးယား
ဟန်ဂေရီ ၂-၁ ဂရိ
League D (Group-2)
မော်လ်ဒိုဗာ ဝ-၀ ဘီလာရုစ်
ဆန်မာရီနို ဝ-၃ လူဇင်ဘတ်

 

■ ခြေစမ်းပွဲစဉ်များ

ဂျပန် ၃-၀ ကော်စတာရီကာ
တောင်ကိုရီးယား ဝ-၀ ချီလီ
ကင်ညာ ၁-၀ မာလာဝီ
ဥဇဘတ်ကစ္စတန် ဝ-၁ အီရန်
ကာတာ ၃-၀ ပါလက်စတိုင်း
ပိုလန် ၁-၁ အိုင်ယာလန်
မြောက်အိုင်ယာလန် ၃-၀ အစ္စရေး
အင်္ဂလန် ၁-၀ ဆွစ်ဇာလန်