နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂျက်ကို၏သွင်းဂိုးနှှုန်းမှာ စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် သာလွန်

နိုင်ငံလက်ရွေးစင်အသင်းအတွက် ဂျက်ကို၏သွင်းဂိုးနှှုန်းမှာ စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် သာလွန်
Published 11 September 2018

ရိုးမားအသင်း၏ဘော့စနီးယားလက်ရွေးစင်တိုက်စစ်မှူး ဂျက်ကိုသည် နိုင်ငံအသင်းအတွက် ကစားခဲ့သည့်ပွဲစဉ်များ၌ ဂိုးသွင်းနှှုန်းမှာ ပေါ်တူဂီအသင်းတိုက်စစ်မှူးစီရော်နယ်ဒို၊ အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီတို့ထက် သာလွန်နေကြောင်း သိရသည်။

အသက်(၃၂)နှစ်အရွယ်ရှိ မန်စီးတီးကစားသမားဟောင်းမှာ ကစားသည့်ပွဲအရေအတွက်နှင့် သွင်းဂိုး အချိုးချမှုတွင် ကမ္ဘာကျော်နှစ်ဦးထက် သာလွန်နေခြင်းဖြစ်သည်။

ဂျက်ကိုသည် လက်ရှိအချိန်တွင် ဘော့စနီးယားအသင်းအတွက် (၉၄)ပါဝင်ကစားထားကာ (၅၂)
သွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုမှာ (၁၅၄)ပွဲကစား (၈၅)ဂိုး၊ မက်ဆီမှာ (၁၂၈)ပွဲကစား (၆၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ပြင် ဘော့စနီးယားအသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူ ဂျက်ကိုသည် မြောက်အိုင်ယာလန်အသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရသည့် Nations League ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး
ကစားထားသည့် နောက်ခံလူ စပါဟစ်၏(၉၄)ပွဲစံချိန်ကို လိုက်မီခဲ့ပြီး ယနေ့ကစားမည့် သြစတြီးယားနှင့်ပွဲတွင် ပါဝင်ခွင့်ရလျှင် အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်မည်ဖြစ်သည်။

ဂျက်ကိုသည် ယခုနှစ်အစောပိုင်းကလည်း ဥရောပထိပ်တန်းလိဂ်(၅)ခုအနက် (၃)ခုတွင်ပါဝင်ကစားပြီးလိဂ်(၁)ခုတွင်အ
နည်းဆုံးဂိုး(၅၀)သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ဂျက်ကိုသည် ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းအတွက် (၁၁၁)ပွဲတွင် (၆၆)ဂိုး၊ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းအတွက် (၁၃၀)ပွဲတွင် (၅၀)ဂိုး၊ လက်ရှိရိုးမားအသင်းအတွက် (၁၀၇)ပွဲတွင် (၅၄)ဂိုး အသီးသီးသွင်းယူထားနိုင်ပြီး တိုက်စစ်မှူးကောင်းတစ်ဦး၏အရည်အသွေးကို ပြသလျက်ရှိသည်။

ဘော့စနီးယားအသင်းတွင် ဂျက်ကို၏အရေးပါမှုနှင့်ပတ်သက်ပြီး အသင်းဖော် ယာနစ်က '' သူ့ကို လျှော့တွက်လို့မရပါဘူး။ သူဟာ တိုက်စစ်မှူးကောင်းတစ်ယောက်ဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက်တော့ သူဟာဂိုးအများဆုံးသွင်းဂိုးထားသူပါ။ သူ့ရဲ့အရေးပါမှုကို ကျွန်တော်တို့သိရှိထားပါတယ်။ ရိုးမားအသင်းအတွက်လည်း သူက အကောင်းဆုံးစွမ်းဆောင်ပေးနေပါတယ်'' ပြောကြားခဲ့သည်။