UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 11 September 2018

Photos: AFP

စပိန် နှင့် ခရိုအေးရှား ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )

စပိန်က အင်္ဂလန်အသင်းနဲ့ပွဲမှာ ခပ်လွယ်လွယ်နိုင်ခဲ့တယ်လို့ပဲ ပြောရမယ်။ အထူးတလည် ပင်ပန်းခဲ့တာမရှိဘူး။ ခွန်အား စိုက်ထုတ်ကြိုးပမ်းမှုကလည်း သာမန်ပဲ။ ခံစစ်က သက်သောင့်သက်သာကစားနိုင်ခဲ့ပြီး၊ တိုက်စစ် ပုံဖော်ကစားပုံလည်း ကောင်းတယ်။ အဓိက ပြောရမှာကတော့ အင်္ဂလန်ရဲ့ ကွင်းလယ်ကစားပုံက စပိန်ကို ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့လို့ပါပဲ။ ဒါပေမဲ့ ခရိုအေးရှားကတော့ စပိန်လွယ်လွယ်နဲ့ အနိုင်ရမယ့်အသင်းမျိုးမဟုတ်ဘူး။ အင်္ဂလန်ထက် စုဖွဲ့ပုံကောင်းတယ်။ ကစားပုံ အဆင့်မြင့်တယ်။ ပိုမာကျောပြီး၊ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ဒုက္ခပေးနိုင်တဲ့အသင်းမျိုးလည်းဖြစ်တယ်။ မိုဒရစ်-ရာကီတစ် ကွင်းလယ်က စပိန်နိုင်ငံရဲ့ အင်အားကြီးအသင်းနှစ်သင်းရဲ့ကွင်းလယ်မှာ ဦးဆောင်ကစားသမားတွေဖြစ်ပြီး သူတို့နှစ်ဦးတွဲထိန်းချုပ်မှုက ဘူးစကွက်-သီယာဂိုတို့ရဲ့ကွင်းလယ်ကို ယှဉ်ကစားနိုင်ပါလိမ့်မယ်။ အစ္စကိုရဲ့တိုက်စစ်လမ်းကြောင်းတွေက အင်္ဂလန်နဲ့ ပွဲမှာ ထိရောက်ခဲ့ပေမယ့် ဒီပွဲမှာ အစ္စကိုလွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ခက်နိုင်ပြီး၊ အင်းနရစ်အတွက် တကယ်အစမ်းသပ်ခံရမယ့်ပွဲက ဒီပွဲလို့လည်း ဆိုနိုင်တယ်။ စပိန်မြေဖြစ်နေလို့ စပိန်အားသာပေမယ့် သရေကျသွားရင်အံ့သြစရာမရှိဘူး။

အိုက်စလန် နှင့် ဘယ်လ်ဂျီယံ ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )

၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားကို အဖွင့်ပွဲမှာ သရေကစားခဲ့ပြီး၊ နိုင်ဂျီးရီးယား၊ ခရိုအေးရှားတို့နဲ့ ပွဲတွေမှာလည်း ခြေစွမ်းပိုင်းမညံ့ခဲ့တဲ့ အိုက်စလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးကစားခဲ့တဲ့ ပွဲမှာတော့ ဆွစ်ဇာလန်ကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့တယ်။ အိုက်စလန်အသင်းရဲ့ ခြေစွမ်းက စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားခဲ့ပြီး ရှာကီရီ၊ အမ်ဘိုလိုတို့ ရဲ့ တစ်ဦးချင်းထိုးဖောက်မှုတွေကို လုံးဝမထိန်းချုပ်နိုင်ခဲ့တာတွေ့ရတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး စကော့တလန်နဲ့ ပွဲမှာလည်း လွယ်လွယ်ကူကူဂိုးပြတ်သွင်းနိုင်ခဲ့တယ်။ ဒီဘရိုင်းနားမကစားနိုင်ပေမယ့် ဘယ်လ်ဂျီယံတိုက်စစ်က ထက်မြက်နေဆဲဖြစ်ပြီး အထူးသဖြင့်အသင်းခေါင်းဆောင် ဟာဇက်က ပုံစံကောင်းပြနေတာတွေ့ရ တယ်။ လူကာကူက ဘယ်လ်ဂျီယံတိုက်စစ်ကို ဦးဆောင်နိုင်သလို၊ လူကာကူရဲ့အရန်ကစားသမားဖြစ်တဲ့ ဘက်ရှူအာယီကလည်းဂိုးသွင်းဖို့အတွက် ယုံကြည်မှုအမြင့်ဆုံးအနေအထားကို ရောက်နေတယ်။ အိုက်စလန်က အိမ်ကွင်းမှာတော့ ခြားနားတဲ့ ခြေစွမ်းကို ပြမှာပါ။ ဒါပေမဲ့ ဘယ်လ်ဂျီယံပဲ နိုင်ပွဲရလိမ့်မယ်။

 

 

 

 

 

 

ဘော့စနီးယား နှင့် သြစတြီးယား (( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )

သြစတြီးယားက နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆွီဒင်လို မာကျော၊ ကြံ့ခိုင်တဲ့အသင်းကောင်းတစ်သင်းကို ဂိုးပြတ်အနိုင်ကစားခဲ့တာတွေ့ရတယ်။ သြစတြီးယားက အကောင်းဆုံးပုံစံကိုရောက်နေပြီးမှ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပုံစံပျက်သွားတဲ့အသင်းပါ။ ဒါပေမဲ့ ခြေစမ်းပွဲတွေမှာ ပုံစံကောင်းပြန်ရနေတာကို တွေ့ရတယ်။ ဘော့စနီးယားက အိမ်ကွင်းမာပြီး၊ စုဖွဲ့မှုလည်း ကောင်းပါတယ်။ ဒါပေမဲ့ သြစတြီးယားသရေရနိုင်တယ်။

ဟန်ဂေရီ နှင့် ဂရိ ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )

ဟန်ဂေရီရဲ့ စုဖွဲ့ကစားပုံနဲ့ ခံစစ်ကို အထင်ကြီးထားပေမယ့် ဖင်လန်နဲ့ ပွဲမှာကစားခဲ့တဲ့ ခြေစွမ်းကတော့ အထင်ကြီးစရာမရှိဘူး။ အထူးသဖြင့် ကစားကွက်တောင် မည်မည်ရရမရှိတဲ့အသင်းမျိုးဖြစ်နေတာကိုလည်း တွေ့ရတယ်။ ဂရိက အက်စ်တိုးနီးယားလို အသင်းငယ်လေးကို ကပ်နိုင်ခဲ့တယ်ဆိုပေမယ့် အက်စ်တိုးနီးယားကွင်းမှာ နိုင်တာမဆိုးဘူးပြောရမယ်။ ဂိုးမပေးခဲ့ရတာလည်း ကျေနပ်စရာပါ။ ဂရိကိုကြိုက်တယ်။

ဖင်လန် နှင့် အက်စ်တိုးနီးယား ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )
ဖင်လန်က အိမ်ကွင်း နှစ်ပွဲဆက်ကစားရမှာပါ။ ဟန်ဂေရီ နဲ့ ပွဲမှာ ဖင်လန်ရဲ့ ခြေစွမ်းက အားရစရာကောင်းတယ်။ အထူးသဖြင့် နောဝစ်ချ်တိုက်စစ်မှူး ပူကီက ဖင်လန်တိုက်စစ်မှာ ခြေစွမ်းပြနေပြီး ကောင်းကောင်းဦးဆောင်နိုင်တာကို တွေ့ရတယ်။ အက်စ်တိုးနီးယားက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဂရိကို အိမ်ကွင်းမှာပဲ ရှုံးခဲ့ပြီး အားရစရာမရှိတဲ့အနေအထားပါ။ ဖင်လန်အသင်း အိမ်ကွင်းမှာ နိုင်ပွဲဆက်နိုင်တယ်။

ဆန်မာရီနို နှင့် လူဇင်ဘတ် ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )

ဥရောပရဲ့အညံ့ဆုံးအသင်းတွေအချင်းချင်းတွေ့တဲ့ပွဲပါ။ ဒါပေမဲ့ လူဇင်ဘက်က ဆန်မာရီနိုထက်အများကြီး ပိုကောင်းပါ တယ်။ ဆန်မာရီနိုက ကွင်းမရွေး၊ ရှုံးတတ်တဲ့အသင်းမျိုးဖြစ်ပြီး လူဇင်ဘတ်ကိုပဲကြိုက်တယ်။

မော်လ်ဒိုဗာ နှင့် ဘီလာရုစ် ( ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ )
မော်လ်ဒိုဗာက အိမ်ကွင်းမှာတော့ ခြေစွမ်းရော၊ ခံစစ်ပိုင်းရော မဆိုးဘူး။ ဒါပေမဲ့ ဘီလာရုစ်က မော်လ်ဒိုဗာထက် ခြေစွမ်းပိုကောင်းတယ်။ အားမျှနေတဲ့ အနေအထားဖြစ်နေပြီး သရေရလဒ်နဲ့အဆုံးသတ်ဖို့များပါတယ်။

Most Read

Most Recent