Adidas နှင့် ဂျာမနီဘောလုံးအဖွဲ့ချုပ် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

Adidas နှင့် ဂျာမနီဘောလုံးအဖွဲ့ချုပ် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး
Published 10 September 2018

Photo: Sport Business

Adidas ကုမ္ပဏီသည် ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)နှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။
DFB နှင့် Adidas တို့သည် အားကစားလောကတွင် နှစ်ပေါင်းအရှည်ကြာဆုံး လက်တွဲခဲ့ကြသည့် မိတ်ဖက်များဖြစ်ပြီး နှစ်ပေါင်း(၆၀)ကျော်ရှိခဲ့ပြီဖြစ်သည်။
Adidas ကုမ္ပဏီကို ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းက ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့သည့် ၁၉၅၄ ခုနှစ်တွင်ပင် Adidas ဖိနပ်များကို စတင်ဝတ်ဆင်ကစားခဲ့ကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း Nike ကုမ္ပဏီက Adidas နှင့် ချုပ်ဆိုထားသည့်စာချုပ်ထက် (၂)ဆပိုပေးကာ ဂျာမနီဘောလုံးအဖွဲ့ချုပ်၏ ဝတ်စုံစပွန်ဆာအဖြစ် ရပ်တည်သွားရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ DFB က Adidas နှင့်ပင် သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။
ယခုစာချုပ်သစ်၏တန်ဖိုးကို ဖော်ပြခြင်းမရှိသော်လည်း ယခင်စာချုပ်မှာ တစ်နှစ်လျှင် ယူရိုသန်း(၅၀)ဖြစ်ကြောင်း သိရှိရသည်။
ဂျာမနီလက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုမှလှည့်ပြန်ခဲ့ရသလို၊ ပြဿနာများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသော်လည်း Adidas ၏ ယုံကြည်မှုကို ဆက်လက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)၏ ဥက္ကဋ္ဌ ဂရင်ဒယ်လ်က ယခုစာချုပ်မှ ရရှိသည့်ငွေကြေးများမှာ ယူရို-၂၀၂၄ ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကြိုးပမ်းမှုနှင့် အပျော်တမ်းဘောလုံးအသင်းများအား ထောက်ပံ့မှုတို့တွင် ပိုမိုသုံးစွဲနိုင်စေလိမ့်မည်ဟု ဆိုခဲ့သည်။

Most Read

Most Recent