နည်းပြဘဝသို့ ပြန်လာရန် နီးစပ်နေပြီဟု ဇီဒန်း ပြောကြား

နည်းပြဘဝသို့ ပြန်လာရန် နီးစပ်နေပြီဟု ဇီဒန်း ပြောကြား
Published 10 September 2018

မန်ယူအသင်းနှင့်သတင်းထွက်နေသည့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက နည်းပြဘဝသို့ မကြာမီပြန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ပြင်သစ်ကွင်းလယ်လူဟောင်းမှာ ပြီးခဲ့သည့်မေလက ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက် ရယူပေးခဲ့ပြီး ယင်းနောက်တွင် နည်းပြဘဝမှ နုတ်ထွက်ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်သည်။

စပိန်ရုပ်သံ TVEနှင့်တွေ့ဆုံမှုတွင် ဘောလုံးလောကသို့ အလျင်အမြန်ပြန်လာရန် စီစဉ်နေကြောင်း ဇီဒန်းက ဝန်ခံခဲ့သည်။

ဇီဒန်းက '' ဟုတ်ပါတယ်။ ဒါဟာ အသေအချာပါပဲ။ မကြာမီမှာ ကျွန်တော် လေ့ကျင့်ရေးကွင်းတွေဆီ ပြန်လာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးက ကျွန်တော် နှစ်သက်တဲ့အရာဖြစ်သလို၊ တစ်ဘဝလုံး လုပ်ခဲ့တဲ့အရာလည်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုကို ရာထူးမှထုတ်ပယ်ခဲ့လျှင် အစားထိုးမည့်နည်းပြအဖြစ် ဇီဒန်းက ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

ပြီးခဲ့သည့်လကလည်း ဇီဒန်းကိုယ်တိုင်က မန်ယူအသင်း၏ကမ်းလှမ်းမှုကို မျှော်လင့်နေကြောင်း မိတ်ဆွေများကို ဖွင့်ဟခဲ့သည်ဟု သတင်းထွက်ခဲ့သေးသည်။

Mirror သတင်းစာက ရေးသားသည့်သတင်းတွင် ဇီဒန်းသည် မန်ယူနည်းပြဖြစ်လာခဲ့လျှင် ကရို့စ်၊ သီယာဂို၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ ကာဗာနီတို့ကို ခေါ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent