<

အင်တာမီလန်ကို တစ်နေ့နေ့တွင် ဆီမြွန်နီ ကိုင်တွယ်လိမ့်မည်ဟု အေးဂျင့် ဆို

Photo : Atletico

အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ အေးဂျင့်အဖြစ် ဆောင် ရွက်နေသော ၎င်း၏ညီမဖြစ်သူက ဆီမြွန်နီသည် အင်တာမီလန်အသင်းကို တစ်နေ့နေ့တွင် သေချာပေါက် ကိုင်တွယ်ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။

နာတာလီယာဆီမြွန်နီက ”ဒီယေဂိုအနေနဲ့ အနှေးနဲ့အမြန် ဆိုသလို ဒီအကြောင်းကို ဖွင့်ပြောပါလိမ့်မယ်။ မီလန်က သူ နေထိုင်ဖို့ သဘောကျတဲ့နေရာဖြစ်သလို၊ အင်တာမီလန်ကလည်း သူ နည်းပြ ချင်တဲ့အသင်းပါ။ ဒါပေမဲ့ လာဇီယိုအသင်းလည်း သူ့စိတ်ထဲမှာ ရှိနေပါတယ်”ဟု ဆိုခဲ့သည်။

ဆီမြွန်နီသည် အင်တာမီလန်နှင့် လာဇီယို နှစ်သင်းစလုံးတွင် ကစားခဲ့ဖူးသူဖြစ်သည်။

အာဂျင်တီးနားလက်ရွေးစင်ဟောင်းဖြစ်သူ ဆီမြွန်နီမှာ ၁၉၉၇ ခုနှစ်တွင် အက်သလက်တီကိုမှ အင်တာမီလန်သို့ ပြောင်းရွှေ့လာခဲ့ပြီး (၂)နှစ်ကြာ ကစားခဲ့သည်။

ယင်းနောက်တွင် လာဇီယိုအသင်း၌ (၄)နှစ်ကြာ ကစားခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြန်ကစားခဲ့ခြင်းဖြစ်သည်။

(၄၈)နှစ်အရွယ်ရှိ ဆီမြွန်နီသည် အက်သလက်တီကိုအသင်းနည်းပြအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လာလီဂါဖလား(၁)လုံး၊ ယူရိုပါလိဂ်ဖလား (၂)လုံးအပါအ၀င် ဆုဖလား(၇)လုံးအထိ ဆွတ်ခူးရရှိခဲ့သည်။

Photo : Twitter

ဆီမြွန်နီတွင် သား(၃)ယောက်ရှိပြီး ၎င်း၏သားများမှာလည်း ဘောလုံးလောကတွင်ကျင်လည်လျက်ရှိသည်။

(၂၃)နှစ်အရွယ်ရှိ သားအကြီးဆုံး ဂျီယိုဗန်နီမှာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းတွင် တိုက်စစ်မှူးအဖြစ်ကစားနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဂွါတီမာလာနှင့်ပွဲတွင် အာဂျင်တီးနားလက်ရွေးစင်ပွဲဦးထွက်ခဲ့ကာ အနိုင်ဂိုးတစ်ဂိုးပါ သွင်းယူပေးနိုင်ခဲ့သည်။

သားအလတ်ဖြစ်သူ (၂၀)နှစ်အရွယ် ဂျီယန်လူကာမှာ တိုက်စစ်ကစားသမားပင်ဖြစ်ကာ ချီလီကလပ် ယူနီယံလာကလာရာအသင်းတွင် ကစားနေလျက်ရှိသည်။

(၁၅)နှစ်အရွယ်ရှိ အငယ်ဆုံးသားဖြစ်သူ ဂျူလီယာနိုမှာလည်း ရေးဗားပလိတ်လူငယ်အသင်းတွင် ကစားနေကြောင်း သိရသည်။

September 10, 2018














Copy Protected by Chetan's WP-Copyprotect.