ဝင်ဘလေမှာ ပထမပိုင်းသွင်းဂိုးတွေနဲ့ အင်္ဂလန်ကို အနိုင်ယူခဲ့တဲ့ စပိန်

ဝင်ဘလေမှာ ပထမပိုင်းသွင်းဂိုးတွေနဲ့ အင်္ဂလန်ကို အနိုင်ယူခဲ့တဲ့ စပိန်
Published 9 September 2018

Photo: Getty Images

■ အင်္ဂလန် ၁-၂ စပိန်

UEFA Nations League ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကို ဆက်လက်ကျင်းပခဲ့ရာ League A (Group-4) ရဲ့ အဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန် - စပိန်ပွဲစဉ်မှာတော့ စပိန်အသင်းက အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံးအတွက် ပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းခဲ့ပြီး ခရိုအေးရှား၊ အင်္ဂလန်၊ စပိန်တို့ (၃)သင်းပတ်လည်ကစားရမယ့် အနေအထားက ပွဲစဉ်တိုင်းကို အကြိတ်အနယ်ဖြစ်စေပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားမှာအောင်မြင်ခဲ့တဲ့ လူစားရင်းကိုပဲ အခြေပြုပြီး လူငယ်တွေနဲ့ပွဲထွက်လာခဲ့ပေမယ့်၊ စပိန်အသင်းကတော့ နည်းပြသစ်အင်းနရစ်ရဲ့ အပြောင်းအလဲတွေနဲ့အတူ လူစာရင်းကလည်း အပြောင်းအလဲများစွာရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် ပွဲအစကတည်းက တင်ကစားခဲ့ပါတယ်။

Photo: AFP/Getty Images

ဒါကြောင့် ပွဲချိန် (၁၁) မိနစ်မှာ အင်္ဂလန်တို့ အဖွင့်ဂိုးရခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဟာရီကိန်းနဲ့ လုခ်ရှောတို့ရဲ့ တွဲလုံးကနေ လုခ်ရှောရဲ့အကွက်မြင်မြင် ပေးပို့မှုကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဒီဟေးယားနဲ့အနီးကပ်အနေအထားကနေ ပိတ်သွင်းယူသွားခဲ့တာပါ။

Photo: Reuters

ဒါပေမဲ့ အင်္ဂလန်အသင်းရဲ့အပျော်ဟာ မိနစ်ပိုင်းသာခံခဲ့ပြီး (၁၃) မိနစ်မှာ စပိန်တို့ ချေပဂိုးပြန်ရသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ညာနောက်ခံလူ ကာဗာဟယ်လ်နဲ့ ရိုဒရီဂိုတို့ရဲ့ တွဲလုံးကနေ ရိုဒရီဂိုက အင်္ဂလန်အသင်းရဲ့ ဧရိယာထဲကို ဆွဲဝင်ပြီး ချိုးပေးတာကို ဆာအူလ်က ညာခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ချေပဂိုးရသွားပြီးနောက်မှာ စပိန်အသင်းရဲ့ကစားပုံဟာ ပိုမိုတည်ငြိမ်လာခဲ့ပြီး အင်္ဂလန်အသင်းဘက်ကို ပိုပြီးဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် (၃၂) မိနစ်မှာ စပိန်တို့အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံကနေ သီယာဂိုရဲ့ ပြစ်ဒဏ်ဘောဖြတ်တင်ပေးပို့မှုကို အင်္ဂလန်ကစားသမားတွေကို ဖောက်ထွက်ပြီး ရိုဒရီဂိုက ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာပါ။

ဦးဆောင်ဂိုးရထားတဲ့အနေအထားကနေ အနိုင်ဂိုးအထိပါပြန်ခွင့်ပြုလိုက်ရလို့ အင်္ဂလန်တို့ ချေပဂိုးအတွက်ကြိုးစားခဲ့ပါတယ်။ ပွဲချိန်(၃၄)မိနစ်မှာ လင်ဂတ်ရဲ့ပေးပို့မှုကို ရပ်ရှ်ဖို့ဒ်ရဲ့ အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် စပိန်ဂိုးသမား ဒီဟေးယားအကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ စပိန်တို့ ချေပဂိုးမပေးခဲ့ရတာပါ။

Photo: Reuters

ဒုတိယပိုင်းပြန်စပြီး (၁) မိနစ်အကြာမှာပဲ အင်္ဂလန်နောက်ခံလူ လုခ်ရှောဟာ ကာဗာဟယ်လ်နဲ့ အပြိုင်ခေါင်းတိုက်ရင်း မြက်ခင်းနဲ့ ဦးခေါင်းတိုက်မိတာကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

လုခ်ရှောကို ကွင်းအတွင်း မိနစ်အတော်ကြာအောင် ဆေးကုခဲ့ရပြီး Oxygen ပါ ပေးခဲ့ရပါတယ်။ လုခ်ရှောဟာ နောက်ပိုင်းမှာ စကားပြောနိုင်တဲ့အထိ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပေမယ့် ဒဏ်ရာကိုတော့ ဆက်လက်စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စပိန်အသင်းဟာ အနိုင်ရလဒ်ကို ထိန်းကစားခဲ့သလို ဂိုးတွေရဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ပွဲဟာ မြိုင်ဆိုင်ခဲ့ပြီး စပိန်ဘက်က သီယာဂိုတို့ အခွင့်အရေးရခဲ့သလို အင်္ဂလန်အသင်းလည်း ဂိုးသွင်းခွင့်တွေရခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို လူငယ်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် ဖြုန်းတီးပစ်ခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးနေခဲ့ပါတယ်။

မိနစ် (၉၀)ပြည့်လို့ နာကျင်အချန်ပို (၉၀+၇) မိနစ်မှာ အင်္ဂလန်အတွက် လူစားဝင်တိုက်စစ်မှူး ဝဲလ်ဘတ် ချေပဂိုးသွင်းခဲ့ပေမယ့်၊ ဂိုးသွင်းယူတဲ့အနေအထားမှာ ဂိုးသမားဒီဟေးယားကို ထမ်းထားသလိုဖြစ်တာကြောင့် ကွင်းလယ်ဒိုင်ကဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်ပွဲအပြီးမှာတော့ စပိန်အသင်းက အဝေးကွင်းမှာ အင်္ဂလန်အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ရရှိပြီး UEFA Nations League ပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ရလဒ်ကောင်းကိုရယူနိုင်ခဲ့သလို အင်းနရစ်ရဲ့ စပိန်နည်းပြဘဝအဖွင့်ဟာလည်း လှပခဲ့ပါတယ်။

■ UEFA Nations League ရလဒ်များ

League A (Group-2)
ဆွစ်ဇာလန် ၆-၀ အိုက်စလန်
League A (Group-4)
အင်္ဂလန် ၁-၂ စပိန်
League B (Group-3)
မြောက်အိုင်ယာလန် ၁-၂ ဘော့စနီးယား
League C (Group-2)
ဖင်လန် ၁-၀ ဟန်ဂေရီ
အက်စ်တိုးနီးယား ဝ-၁ ဂရိ
League D (Group-2)
ဘီလာရုစ် ၅-၀ ဆန်မာရီနို
လူဇင်ဘတ် ၄-၀ မော်လ်ဒိုဗာ

 

■ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲရလဒ်များ

ကိုမိုရော့စ် ၁-၁ ကင်မရွန်း

ဆေချဲလက်စ် ဝ-၃ နိုင်ဂျီးရီးယား

တောင်အာဖရိက ဝ-၀ လစ်ဗျား
ကင်ညာ ၁-၀ ဂါနာ
ယူဂန္ဓာ ဝ-၀ တန်ဇန်နီးယား
နမီးဘီးယား ၁-၁ ဇမ်ဘီယာ
E.ဂီနီ ၁-၀ ဆူဒန်
ဂါဘွန် ၁-၁ ဘူရွန်ဒီ
မိုဇမ်ဘစ် ၂-၂ ဂီနီဘစ်ဆော
မော်ရီတေးနီးယား ၂-၀ ဘာကီနာဖာဆို
ဂမ်ဘီယာ ၁-၁ အယ်လ်ဂျီးရီးယား
အီဂျစ် ၆-၀ နိုင်ဂျား

Most Read

Most Recent