အာဆင်နယ်ကွင်းလယ်လူ ဂန်ဒူဇီနှင့် တွေ့ဆုံခြင်း

အာဆင်နယ်ကွင်းလယ်လူ ဂန်ဒူဇီနှင့် တွေ့ဆုံခြင်း
Published 8 September 2018

''အာဆင်နယ်ရဲ့တိုးတက်မှုက အခုမှ အစပဲရှိပါသေးတယ်''

မေး - မင်္ဂလာပါ မတ်တီယို။ ပထမဆုံးအနေနဲ့ ခင်ဗျားဘဝထဲကို အာဆင်နယ်ဆိုတဲ့အသင်းတစ်သင်း ဘယ်လိုရောက်လာသလဲဆိုတဲ့ မေးခွန်းနဲ့စလိုက်ရအောင်။

ဖြေ - ငယ်ငယ်က ကျွန်တော့်အဖေနဲ့အတူ အာဆင်နယ်ပွဲတွေကြည့်ရင်း ကြီးပြင်း လာခဲ့တာပါ။ အာဆင်နယ်မှာ သမိုင်းကြောင်းတွေရှိခဲ့တဲ့ ဗီယာရာတို့၊ အွန်နရီတို့လို ကစားသမားတွေရဲ့ ဗီဒီယိုတွေကြည့်ရင်း အာဆင်နယ်ကစားသမားတစ်ယောက် ဖြစ် ချင်ခဲ့တယ်။ ဒီအသင်းက ကျွန်တော့်နှလုံးသားနဲ့အနီးဆုံးနေရာမှာ ရှိနေတဲ့အသင်းလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူတို့က ကျွန်တော့်ကိုခေါ် ဖို့ စိတ်ဝင်စားတယ်ဆိုတာ ကြားတာနဲ့ တုံ့ဆိုင်းမနေတော့ဘူး။ တန်းပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး - ပရီးမီးယားလိဂ်လို ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှုအရှိဆုံးပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ကိုယ့် ကိုယ်ကိုယ် ဘာတွေပြင်ဆင်ထားသလဲ။

ဖြေ - အပြင်မှာဘာတွေပဲဖြစ်နေပါစေ၊ ကွင်းထဲမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာကိုပဲ ကျွန်တော် အာရုံစိုက်ထားတယ်။ ကျွန်တော့်ကို စိတ်လှုပ်ရှားစေတဲ့ အရာက ဘောလုံးပဲဆိုတော့ ဒီလိုစိတ်မျိုးပဲ ကျွန်တော် ထားရမယ်မဟုတ်လား။ အမှန် အတိုင်းပြောရရင် ဒီအချိန်မှာ ကျွန်တော့်ကို လူနည်းနည်းသိလာကြပြီ။ ဒါပေမဲ့ ကျော် ကြားမှုအပေါ်မှာ အာရုံလွင့်မသွားဖို့ပဲလိုတယ်။ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းရမှာပါ။

မေး - ခင်ဗျားတို့အသင်းမှာ အိုဇေးလ်၊ မစ်ခီတာရီယန်၊ ရမ်ဆေးတို့လို ထိပ်တန်းကစားသမားတွေ ရှိနေတော့ ပွဲထွက်ခွင့်အတွက်ကော စိတ်ပူတာမျိုး ရှိမနေဘူးလား။

ဖြေ - ပုံမှန်ပွဲထွက်ခွင့်ကိုတော့ မျှော်လင့်မိတယ်။ အသင်းမှာ အတွေ့အကြုံရင့် ကစား သမားကောင်းတွေ အများကြီးရှိတာမှန်တယ်။ အဲဒီအတွက် စိန်ခေါ်မှုက အလုပ်ပြီးရင်း အလုပ်ဖြစ်အောင် ကြိုးစားနေဖို့လိုတယ်။ ကျန်တဲ့ရွေးချယ်မှုက နည်းပြအလုပ်ပါ။ ဒါက အာဆင်နယ်တစ်သင်းထဲမှ မဟုတ်ဘူး။ ကျန်တဲ့အသင်းတွေလည်း ဒီလိုပဲ။ ခင်ဗျားတို့ လည်း မြင်မှာပါ။ အင်္ဂလန်မှာက အသင်းတိုင်းလိုလိုမှာ ကစားသမားကောင်းတွေ ရှိနေ ကြတယ်လေ။

မေး - ခင်ဗျားရဲ့ကစားပုံကို ဘယ်လိုသုံးသပ်ချင်လဲ။ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကစား သမားမျိုးလို့ထင်သလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင်က ဘောလုံးကိုင်ထားရတာကို သဘောကျတဲ့သူဆိုတော့ ဘောလုံးပိုင်ဆိုင်မှု ဦးစားပေးတဲ့ကစားပုံမျိုးကို နှစ်သက်တယ်။ ကျွန်တော်က တစ်ဖက် အသင်းကိုချေမှုန်းတဲ့နေရာမှာ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားချင်တဲ့ ကစားသမား မျိုးပါ။ ကျွန်တော့်ရဲ့အဓိကကျွမ်းကျင်မှုက ဘောလုံးအထိန်းအသိမ်းနဲ့ ဘောလုံးပေး ပို့မှုလို့ ကျွန်တော်ထင်တယ်။

မေး - အာဆင်နယ်က အဖွင့်ပွဲမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးမှ ဝက်စ်ဟမ်းနဲ့ ကာဒစ်ဖ်တို့ကို အနိုင်ယူနိုင်ခဲ့ တယ်။ ဒီအပေါ်မှာ ဘာပြောချင်တာရှိသလဲ။

ဖြေ - ဒါက ကောင်းကောင်းမွန်မွန် ဆက်သွားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ လက်ရှိ အခြေအနေက အိပ်မက်ထဲမှာ လမ်းလျှောက်နေရသလိုပဲ။ ဒီအတွက် အသင်းနည်းပြ၊ ဝန်ထမ်းတွေ၊ အသင်းဖော်ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင် ပါတယ်။ ဒီပုံစံကို အချိန်အကြာကြီး ဆက်ထိန်းထားနိုင်မယ်လို့ထင်ပါတယ်။ ပရိသတ် တွေကို မှာချင်တာက အခုမှ အစပဲရှိပါသေးတယ်။

မေး - အာဆင်နယ်ကစားသမားတစ်ယောက်အနေနဲ့ မျှော်လင့်ထားတာတွေ အများကြီးရှိမှာပေါ့။ ဂန်းနားတစ်ယောက်ဖြစ်လာချိန်မှာ ခင်ဗျားဘဝအတွက် ဘာတွေယူသွားဖို့ စဉ်းစားထားလဲ။

ဖြေ - ဒီအသင်းမှာကစားရင်း ထိပ်တန်းကစားသမားဖြစ်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော့်မျှော်လင့်ချက်ကလည်း ထိပ်တန်းကစားသမားတစ်ယောက်ဖြစ် လာဖို့ပါပဲ။ ဒီအတွက် အရင်ဆုံး ကိုယ့်မှာဘာတွေလိုအပ်နေသလဲဆိုတာကို ခွဲခြမ်း စိတ်ဖြာရမယ်။ ပြီးတော့ ကလပ်အသင်းနဲ့ ဆုဖလားတွေ ရနိုင်သလောက်ယူသွားပြီး အဆုံးသတ်မှာတော့ အသင်းသမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိသွားချင်တယ်။

မေး - ဖြည့်စွက်ပြောချင်တာ ရှိသေးလား။

ဖြေ - အာဆင်နယ်က သမိုင်းကြောင်းကြီးတဲ့ ကလပ်အသင်းဖြစ်ခဲ့သလို၊ လက်ရှိမှာ လည်း ဥရောပရဲ့အကောင်းဆုံးစာရင်းဝင် အသင်းတစ်သင်းပါ။ ဒီလိုအသင်းမျိုးမှာ ကစားခွင့်ရနေတဲ့အတွက် အများကြီးဂုဏ်ယူမိပါတယ်။ ဒီပတ်ဝန်းကျင်ကို ကျွန်တော် သဘောကျတယ်။ အာဆင်နယ်မှာ ကစားရတာက ဘဝအတွက် ကြီးကျယ်တဲ့ စွန့်စား ခန်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်။

Photos : Arsenal.com & Gettyimages

Most Read

Most Recent