ကာလတိုသဘောတူညီမှုဖြင့် ဝေးလ်စ်နှင့်ပွဲတွင် ဒိန်းမတ်စီနီယာကစားသမားများ ပါဝင်ကစားမည်

ကာလတိုသဘောတူညီမှုဖြင့် ဝေးလ်စ်နှင့်ပွဲတွင် ဒိန်းမတ်စီနီယာကစားသမားများ ပါဝင်ကစားမည်
Published 8 September 2018

ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ် (DBU) နှင့် ကစားသမားများအဖွဲ့အကြား အငြင်းပွား နေသည့်ပြဿနာအတွက် ကာလတိုသဘော တူညီမှုရခဲ့သောကြောင့် ဝေးလ်စ်အသင်းနှင့် ကစားမည့်ပွဲတွင် စီနီယာကစားသမားများ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

DBU နှင့် ကစားသမားများကိုယ်စားပြု Spillerforeningen အဖွဲ့သည် လက်ရွေးစင် အသင်းအတွက် ကစားသမားရွေးချယ်မှုနှင့် ပတ်သက်၍ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေး ရာတွင် စီးပွားရေးဆိုင်ရာခံစားခွင့်အတွက် သဘောတူညီမှုမရသဖြင့် ကြန့်ကြာနေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ စက်တင်ဘာ ၅ ရက်က ဆလိုဗက်ကီးယားအသင်းအား သုံးဂိုးပြတ် ရှုံးနိမ့်သည့် ခြေစမ်းပွဲတွင် စီနီယာကစား သမားများ ပါဝင်ခြင်းမရှိဘဲ တတိယတန်း၊ စတုတ္ထတန်းမှ ကစားသမားများနှင့် ဖူဆယ် ကစားသမားများ ပါဝင်ကစားခဲ့ရသည်။

ထို့ ကြောင့် နှစ်ဖက်တာဝန်ရှိသူများ စက်တင်ဘာ ၆ ရက်က ဆွေးနွေးရာ ကာလတိုသဘောတူညီ မှုရခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင် ဝေးလ်စ် အသင်းနှင့် ကစားမည့် UEFA Nations League အုပ်စုအဖွင့်ပွဲ၌ စီနီယာကစားသမား များ ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း DBU ဥက္ကဋ္ဌ ဂျက်စပါမော်လာက အတည်ပြုပြော ကြားသည်။

''ဒီသဘောတူညီမှုက လက်ရွေး စင်အသင်းအတွက်ရော ဒိန်းမတ်ဘောလုံးနဲ့ သက်ဆိုင်သူအားလုံးအတွက်ပါ ကောင်းပါ တယ်။ အရေးပါတဲ့ Nations League ပွဲမှာ တကယ့်လက်ရွေးစင်အသင်းနဲ့ ကစားနိုင်ပါ ပြီ။ ကျွန်တော်တို့အနေနဲ့ အားကစားကဏ္ဍ အတွက် ပြန်ပြီးအာရုံစိုက်နိုင်ပါပြီ''ဟု မော်လာက ပြောကြားသည်။

ထို့ပြင် ကစားသမားများအဖွဲ့ကိုယ်စား ပြု အော်လန်းကလည်း ''ဒီသဘောတူညီမှုက မှန်ကန်တဲ့လမ်းကြောင်းကိုသွားဖို့အတွက် ခြေလှမ်းတစ်ခုပါ။ လက်ရွေးစင်ကစားသမား တွေအနေနဲ့လည်း တနင်္ဂနွေနေ့ကစားမယ့် ဝေးလ်စ်အသင်းနဲ့ပွဲအတွက် အာရုံစိုက်နိုင်ပြီ ဖြစ်လို့ ကျေနပ်နေပါတယ်''ဟု ဆိုသည်။

ဒိန်းမတ်အသင်းသည် ကမ္ဘာ့အဆင့် (၉) နေရာရပ်တည်နေသည့်အသင်းဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၁၆ သင်း ရှုံး ထွက်အဆင့်တက်ရောက်ကာ ခရိုအေးရှား အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဒိန်းမတ်အသင်းသည် UEFA Nations League ပြိုင်ပွဲတွင် League B ၏ အုပ်စု (၄) ၌ ဝေးလ်စ်၊ အိုင်ယာလန်တို့နှင့် အတူ ပါဝင်နေသည်။

Most Read

Most Recent