အိမ်ကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အီတလီ

အိမ်ကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အီတလီ
Published 8 September 2018

အီတလီအသင်းအတွက် ချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် ကွင်းလယ်လူ ဂျော်ဂျင်ဟို သွင်းယူနေစဉ် (Photo:AFP)

အီတလီနည်းပြ မန်စီနီက (၄-၃-၃)ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး အထောင်တိုက်စစ်မှူးနေရာမှာ ဘာလိုတယ်လီ၊ တောင်ပံတိုက်စစ်နေရာတွေမှာ အင်ဆစ်ဂ်နီနဲ့ ဘာနာဒက်ခီတို့ကို ပွဲထွက်စေခဲ့သလို၊ အလယ်တန်းမှာ ဂျော်ဂျင်ဟို၊ ပယ်လီဂရီနီ၊ ဂတ်ဂလီယာဒီနီ စတဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။

ပိုလန်ကတော့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်စေခဲ့ပြီး ဇီလင်စကီးကို N0.10 Role နေရာမှာကစားစေခဲ့သလို၊ ခရီဟိုယက်၊ ဘလက်ဇီကောစကီး စတဲ့ အမာခံကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာ ဘာနာဒက်ခီ အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့် လွဲချော်ခဲ့လို့ အီတလီအသင်း နစ်နာခဲ့ရပြီး တိုက်စစ်မှူးဘာလိုတယ်လီကလည်း ခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်။

ပိုလန်အသင်းကတောင် ဂိုးရဖို့ပိုမိုနီးစပ်ခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာ လက်စွမ်းပြခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။

မိနစ် (၄၀)အရောက်မှာ ပိုလန်တို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ဖန်တီးမှုကတစ်ဆင့် ဇီလင်စကီးက အပိုင်ပိတ်သွင်းယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ အီတလီအသင်းက ချေပဂိုးရရှိဖို့အတွက် ပိုမိုဖိအားပေးကစားလာခဲ့သလို၊ ပိုလန်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း သတိထား ကာကွယ်ခဲ့ရပါတယ်။

နည်းပြ မန်စီနီရဲ့ လူစားလဲမှုတွေကလည်း မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အထူးသဖြင့် အင်ဆစ်ဂ်နီနေရာဝင်ကစားတဲ့ ဖီအိုရင်တီးနား လူငယ်တောင်ပံတိုက်စစ်ကစားသမား ချီယေဆာက ပုံစံကောင်းပြသနိုင်ခဲ့တယ်။

ဒါ့ကြောင့်ပဲ ပွဲချိန် (၇၈)မိနစ်အရောက်မှာတော့ ချီယေဆာကြောင့်ရခဲ့တဲ့ ပယ်နယ်တီကို ကွင်းလယ်လူ ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ (၂)သင်းစလုံး အခွင့်အရေးတွေ သိပ်မရတော့တာကြောင့် သရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

■ UEFA Nations League ရလဒ်များ
League-A (Group-3)
အီတလီ ၁-၁ ပိုလန်

League-B (Group-2)
တူရကီ ၁-၂ ရုရှား

League-C (Group-1)
အယ်လ်ဘေးနီးယား ၁-၀ အစ္စရေး

League-C (Group-4)
လစ်သူယေးနီးယား ဝ-၁ ဆားဘီးယား
ရိုမေးနီးယား ဝ-၀ မွန်တီနီဂရိုး

League-D (Group-3)
အဇာဘိုင်ဂျန် ဝ-၀ ကိုဆိုဗို
ဖာရိုးကျွန်းစုများ ၃-၁ မော်လ်တာ

■ ခြေစမ်းပွဲရလဒ်များ
တောင်ကိုရီးယား ၂-၀ ကော်စတာရီကာ
ကာတာ ၁-၀ တရုတ်
စကော့တလန် ဝ-၄ ဘယ်လ်ဂျီယံ

 

Most Read

Most Recent