UEFA Nations League အကြောင်း သိကောင်းစရာ

UEFA Nations League အကြောင်း သိကောင်းစရာ
Published 6 September 2018

 

UEFA Nations League ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခင်က နိုင်ငံတကာခြေစမ်းပွဲများကစားခဲ့သည့်ကာလတွင် Nations League ပွဲစဉ်များကို အစားထိုးကစားစေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များအနေဖြင့် ခြေစမ်းပွဲများထက် ပိုမိုအကြိတ်အနယ်ရှိနိုင်မည့် ပြိုင်ပွဲအသွင်ပွဲစဉ်များကို ခံစားရတော့မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုမူ လာမည့်နှစ် နွေရာသီတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲပုံစံ

* UEFA အဖွဲ့ဝင်(၅၅)နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
* ပြိုင်ပွဲဝင်အသင်းများကို UEFA မှထုတ်ပြန်သော အဆင့်သတ်မှတ်ချက်များအလိုက် အုပ်စု(၄)အုပ်စု ခွဲခြားထားသည်။ ( ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲကစားအပြီး ထုတ်ပြန်သော အဆင့်များကို အခြေခံသည်။)
* League A တွင် အဆင့်အမြင့်ဆုံး (၁၂)သင်း၊ League B တွင် အဆင့်(၁၂)နောက်တွင် ရပ်တည်နေသော အသင်း(၁၂)သင်း၊ League C တွင် အဆင့် (၂၄)နောက်တွင် ရပ်တည်နေသော အသင်း(၁၅)သင်း၊ League D တွင် ရပ်တည်မှုအနိမ့်ဆုံး အသင်း(၁၆)သင်း ပါဝင်မည်ဖြစ်သည်။
* League A နှင့် B ကို (၃)သင်း (၄)အုပ်စုအဖြစ် ခွဲခြားထားသည်။
* League C တွင် (၄)သင်း (၃)အုပ်စု နှင့် (၃)သင်း (၁)အုပ်စု၊ စုစုပေါင်း (၄)အုပ်စုအဖြစ် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး League D တွင် (၄)သင်း (၄)အုပ်စုအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
* ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
* League A မှ အုပ်စု(၄)အုပ်စု၏ အုပ်စုဗိုလ်များသည် ၂၀၁၉ ဇွန်လတွင် UEFA Nations League Finals ကိုယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံကို UEFA အမှုဆောင်ကော်မတီက အဆိုပါ (၄)နိုင်ငံထဲမှ ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သည်။
* League B ၊ C နှင့် D များ၏ အုပ်စုများမှ အုပ်စုဗိုလ်အသီးသီးသည် မိမိလိဂ်အထက်မှ လိဂ်သို့ တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။
* League B ၊ C နှင့် D များ၏ အုပ်စုများမှ အုပ်စုနောက်ဆုံးနေရာရရှိသော အသင်းများသည် မိမိလိဂ်၏အောက်အဆင့်သို့ တန်းဆင်းရမည် ဖြစ်သည်။

 

 

ယူရို ၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်

Nations League ပြိုင်ပွဲကို ယူရို-၂၀၂၀ ပြိုင်ပွဲ ခြေစစ်ပွဲနှင့်လည်း ချိတ်ဆက်ထားသေးသည်။ ခြေစစ်ပွဲအဆင့်ကို (၅)သင်း (၅)အုပ်စု၊ (၆)သင်း (၅)အုပ်စုခွဲမည်ဖြစ်ပြီး အုပ်စု(၁)ခုက ထိပ်ဆုံး(၂)သင်းစီ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်၍ အုပ်စု(၁၀)ခုက အသင်း(၂၀) အမည်စာရင်းထွက်ပေါ်မည်ဖြစ်သည်။ ကျန်ဝင်ခွင့် (၄)နေရာကို Nations League Play-offs မှတစ်ဆင့် ဝင်ခွင့်ပေးရန် စီစဉ်ထားပြီး Nations League မှ League A,B,C,D သက်ဆိုင်ရာလိဂ်အလိုက် Play-offs ကစားစေကာ League အလိုက် ဗိုလ်စွဲသည့်တစ်သင်းစီကို ယူရို-၂၀၂၀ ပြိုင်ပွဲ ခြေစစ်ပွဲအောင်စေမည်ဖြစ်သည်။ Play-offs အဆင့်တွင် သက်ဆိုင်ရာလိဂ်အလိုက် အုပ်စုပထမရသည့်အသင်းများ ယှဉ်ပြိုင်ရန် ယေဘုယျစည်းမျဉ်းချမှတ်ထားသော်လည်း League A တွင် အသင်းကြီးများစွာပါဝင်နေသဖြင့် ယူရို-၂၀၂၀ ခြေစစ်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်အသင်းများစွာရှိလာနိုင်ပါသည်။ အုပ်စုပထမရအသင်းများကို Play-offs ကစားခွင့်ပေးထားသော်လည်း အဆိုပါအသင်းအားလုံး (သို့မဟုတ်) အချို့က ယူရိုခြေစစ်ပွဲအောင်ပြီးသားဖြစ်နေပါက လိုအပ်သောနေရာများအတွက် သက်ဆိုင်ရာလိဂ်ပြိုင်ပွဲမှ အုပ်စုဒုတိယရအသင်းများ၊အုပ်စုတတိယရအသင်းများ၏ အုပ်စုတွင်းကစားခဲ့သည့် စွမ်းဆောင်ရည်ကိုကြည့်ပြီး Ranking သတ်မှတ်ကာ အစားထိုးသွားမည်ဖြစ်သည် ။ ဥပမာအားဖြင့် League A မှ (၁၂)သင်းစလုံး ယူရိုခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်လျှင် (သို့မဟုတ်) Play-offs ကစားရမည့် (၄)နေရာအတွက် အသင်းအရေအတွက် မပြည့်မီခဲ့လျှင် အောက်တန်းလိဂ်၏ Ranking အမြင့်ဆုံးအသင်းများကို League A Play-offs ကို တက်ရောက်ကစားစေမည်ဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့် League B,C,D မှ အုပ်စုပထမနေရာရထားသော အသင်းများသည် ယူရိုခြေစစ်ပွဲ မအောင်မြင်ထားလျှင်ပင် Ranking စီသည့်အထဲတွင် မပါဝင်နိုင်ပေ။ အဆိုပါအသင်းများသည် ယူရိုဝင်ခွင့်အတွက် သက်ဆိုင်ရာအတန်းများတွင်သာ Play-offs ကစားရမည် ဖြစ်သည်။ UEFA က ကျင်းပသည့် ပြိုင်ပွဲဖြစ်၍ အုပ်စုတွင်းအမှတ်တူခဲ့လျှင် Head to Head ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း Nations League ပြိုင်ပွဲစည်းမျဉ်းများတွင် ဖော်ပြထားပါသည်။

 

 

ပြိုင်ပွဲဆုကြေးများ

League A : ယူရို (၁.၅) သန်း

League B : ယူရို (၁) သန်းLeague C : ယူရို (၇.၅) သိန်း

League D : ယူရို (၅) သိန်း

(လိဂ်အဆင့်အလိုက် ပြိုင်ပွဲဝင်အသင်းတိုင်းရရှိမည့်ဆုကြေး ဖြစ်သည်။)

League A : ယူရို (၁.၅) သန်း

League B : ယူရို (၁) သန်း

League C : ယူရို (၇.၅) သိန်း

League D : ယူရို (၅) သိန်း

(လိဂ်အဆင့်အလိုက် အုပ်စုတွင်း ပထမရခဲ့လျှင် ရရှိမည့်ဆုကြေး ဖြစ်သည်။)

ချန်ပီယံ - ယူရို (၄.၅) သန်း

ဒုတိယ - ယူရို (၃.၅) သန်း

တတိယ - ယူရို (၂.၅) သန်း

စတုတ္ထ - ယူရို (၁.၅) သန်း

(League A ပြိုင်ပွဲ အုပ်စုပထမရ (၄)သင်းကို နောက်ဆုံး အဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားစေပြီး ဆုကြေးချီးမြှင့်မှုဖြစ်သည်။)

 

Photos : AFP

Most Read

Most Recent