အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုမရ၍ တောင်းပန်ကြောင်း လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုမရ၍ တောင်းပန်ကြောင်း လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို
Published 6 September 2018

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့် )

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၏ (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်သည့်  သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက် က အင်းလျားကန်ရှိ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာများ တက်ရောက်ခဲ့ပြီး အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုမရသဖြင့် တောင်းပန်ကြောင်း ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောကြား သည်။ ဦးသောင်းထိုက်မင်းက “ကျွန်တော်တို့ လှေလှော်အားကစားနည်းကို အောင်မြင်မှုရမယ်လို့ အားလုံးက မျှော်လင့်ခဲ့ပါတယ်။ အထူးသဖြင့် ရိုးရာလှေပြိုင်ပွဲကို ပိုပြီးမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်မှု မရခဲ့ပါဘူး။ အုပ်ချုပ်/နည်းပြတွေရော ကစားသမားတွေပါ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အောင်မြင်မှုမရတဲ့ အကြောင်းအရင်းတွေမှာ အဓိကအကျဆုံးက အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ကျွန်တော်ပါ။ အောင်မြင်မှု ရယူနိုင်ခြင်းမရှိလို့ အားလုံးကိုတောင်းပန်ပါတယ်။ ဒီပြိုင်ပွဲက အတွေ့အကြုံတွေ၊ အရှုံးတွေကို သင်ခန်းစာယူပြီး လာမယ့်ပြိုင်ပွဲတွေအတွက် အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ။ ရှုံးနိမ့်တာတွေကို ပြန်လည်ဆန်းစစ်ရာမှာ အချက်လေးချက် တွေ့ခဲ့ပါတယ်။ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှု၊ ကစားသမားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အစားအသောက် စားသောက်မှုအပိုင်းတွေကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ လှေအမျိုးအစားမတူတာကလည်း ပြိုင်ပွဲယှဉ်ပြိုင်တဲ့အချိန်မှာ အမှန်တကယ် အခက်တွေ့စေခဲ့ပါတယ်။ ဘာကြောင့် ရှုံးလဲဆိုတာတွေကို ဆင်ခြေပေးဖို့ ပြောတာ မဟုတ်ပါဘူး။ အောင်မြင်မှုပြန်ရဖို့ အားလုံး ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

Most Read

Most Recent