<

ဆောက်သမ်တန်ကွင်းလယ်လူ လယ်မီနာ ကားအမြန်မောင်းသည့်အတွက် ဗြိတိန်၏အမြင့်ဆုံးဒဏ်ငွေ ချမှတ်ခံရ

 

Photos: Daily Mail

ဆောက်သမ်တန်အသင်း၏ ဂါဘွန်လက်ရွေးစင်ကွင်းလယ်လူ လယ်မီနာသည် ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် ဗြိတိန်၌ အမြင့်ဆုံး ဒဏ်ငွေဖြစ်သော ပေါင်(၉၆၀၀၀) ချမှတ်ခံခဲ့ရ ကြောင်း သိရှိရသည်။ ထို့ပြင် လယ်မီနာသည် ကားမောင်းခွင့် တစ်နှစ်ပိတ်ပင်ခံရကြောင်းလည်း သိရှိရသည်။

လယ်မီနာ(၂၅ နှစ်) ၏ မာစီဒီးစ် AMG GLA 45 ကားမှာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်၍ မောင်းနှင်သည်ကို ရဲတပ်ဖွဲ့က (အမြန်နှုန်းဖမ်းသည့် စက်မှတစ်ဆင့်) (၃)ကြိမ်တိုင် တွေ့ရှိခဲ့ ရပြီး ၎င်းထံစာပို့၍ ယာဉ်မောင်းဖြစ်သူ မည်သူဖြစ်သည်ကို သတင်းပေးရန် အကြောင်းကြားခဲ့သည်။ သို့သော် လယ်မီနာမှာ ရဲတပ်ဖွဲ့ထံ ပြန်လည်အကြောင်းပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။ယင်းပြစ်မှုကျူးလွန်မှု (၃)ကြိမ်စလုံးအတွက် လယ်မီနာမှာ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ရဲတပ်ဖွဲ့၏ သတိပေးစာကို လျစ်လျူရှုခဲ့မိကြောင်း ၀န်ခံခဲ့သည်။

၎င်းက မိမိ၏အစ်ကိုနှင့် မိမိ၏၀မ်းကွဲ ညီဖြစ်သူတို့အနက် မည်သူမောင်းနှင်သည်ဆိုခြင်းကို မမှတ်မိခဲ့ဟု တရားရုံးတွင် ဖြေရှင်းချက်ပေးခဲ့သည်။ သူ့အား တရားရုံးကချမှတ်ခဲ့သော ဒဏ်ငွေ ပေါင်(၉၆၀၀၀)မှာ ဆောက်သမ်တန်အသင်းတွင် သူရရှိနေသည့် တစ်ပတ်လစာငွေ၏ (၃)ဆပမာဏ ရှိကြောင်းလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

လယ်မီနာသည် ပြီးခဲ့သည့် ၂၀၁၇ နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ ဆောက်သမ်တန်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၅.၄)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ ယခင်က ဗြိတိန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် အမြင့်ဆုံးချမှတ်ခဲ့သည့်ဒဏ်ငွေမှာ ပေါင်(၈၆၀၀၀)ဖြစ်ပြီး ရုပ်သံသရုပ်ဆောင်တစ်ဦး ဖြစ်သူ မက်ပတ်တလင်းကို ယခုနှစ် ဧပြီလအတွင်း က အရက်မူးပြီး ကားမောင်းသည့်အတွက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

September 5, 2018














Copy Protected by Chetan's WP-Copyprotect.