Ballon d'Or ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ပါဝင်ရန် မိမိထိုက်တန်သည်ဟု ဂရီးဇ်မန်းပြောကြား

Ballon d'Or ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ပါဝင်ရန် မိမိထိုက်တန်သည်ဟု ဂရီးဇ်မန်းပြောကြား
Published 5 September 2018

 

 

Photo: Marca

အက်သလက်တီကိုအသင်း၏ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်းက ၂၀၁၈ခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ပါဝင်ရန် မိမိမှာ ထိုက်တန်မှုရှိသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ချန်ပီယံဆုရယူနိုင်ခဲ့သော ဂရီးဇ်မန်းက ဖီဖာ၏အကောင်းဆုံးကစားသမား The Best ဆု ဆန်ခါတင်(၃)ဦးစာရင်းတွင် ပြင်သစ်အသင်းမှ ကစားသမား တစ်ဦးမျှ ပါဝင်လာခြင်းမရှိသည့်အတွက် အံ့အားမိကြောင်းကိုလည်း ဖွင့်ဟခဲ့သည်။

၂၀၁၆ ခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် ပါဝင်ခဲ့ဖူးသည့် ဂရီးဇ်မန်းက '' ဒီနှစ်မှာ ဆန်ခါတင်(၃)ဦးစာရင်းထဲပါဝင်ဖို့ ကျွန်တော်ထိုက်တန်ပါတယ်။ ၂၀၁၆ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် စီရော်နယ်လ်ဒို၊ မက်ဆီတို့နောက်မှာ ကျွန်တော်ရပ်တည်နိုင်ခဲ့တယ်။ အဲဒီနှစ်က ချန်ပီယံလိဂ်နဲ့ ယူရိုပြိုင်ပွဲမှာ ဒုတိယနေရာတွေပဲ ရခဲ့တယ်။ ဒီနှစ်မှာတော့ ကျွန်တော်ဆုဖလား(၃)ခုရရှိထားတယ်။ ကမ္ဘာ့ဖလား၊ ယူရိုပါလိဂ်နဲ့ ယူအီးအက်ဖ်အေစူပါဖလားတွေပါ။ ဒါကြောင့် ကျွန်တော် ပါဝင်သင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဖီဖာ၏အကောင်းဆုံးကစားသမား The Best ဆု၌ ပြင်သစ်ကစားသမားများမပါဝင်ခြင်းနှင့်ပတ်သက်ပြီးဂရီးဇ်မန်းက '' ဒါကထူးဆန်းနေပါတယ်။ ဒီဆုဟာ ဖီဖာက ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ကျွန်တော်တု့ိက ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တယ်။ ဆန်ခါတင်စာရင်းမှာ တစ်ဦးမှ မပါဝင်ဘူး။ အဲဒါ ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ အံ့သြစရာတော့ ကောင်းပါတယ်'' ဟုပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီကလည်း ဂရီးဇ်မန်းအား ၂၀၁၈ခုနှစ်အတွင်း ကလပ်နှင့်နိုင်ငံအသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ယခုနှစ်Ballon d'Or ဆုရသင့်ကြောင်း ထောက်ခံ ခဲ့သည်။ ဂရီးဇ်မန်းသည် ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ၂၀၁၇-၁၈ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲများတွင် အသင်းအတွက် အနိုင်ဂိုးများသွင်းယူပေးခဲ့သူဖြစ်သည်။

 

Most Read

Most Recent