<

လိုက်ပ်ဇစ်ကွင်းလယ်လူ ကီတာကို လာမည့်ရာသီတွင်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ဟု လီဗာပူးလ် အတည်ပြု

 

လီဗာပူးလ်အသင်းသည် ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှ ဂီနီလက်ရွေးစင် ကွင်းလယ်လူ နယ်ဘီကီတာကို လာမည့် ၂၀၁၈ နွေရာသီတွင်ခေါ်ယူရန် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သြဂုတ် ၂၉ ရက်က အတည်ပြုကြေညာခဲ့သည်။

လီဗာပူးလ်အနေဖြင့် အသက် ၂၂ နှစ် အရွယ်သာရှိသေးသည့် ကီတာ၏ပြောင်းရွှေ့ ကြေးအတွက် စာချုပ်လျော်ကြေးပမာဏအတိုင်း ပေါင် ၄၈ သန်းပေးကာ ခေါ်ယူသွား မည်ဖြစ်ပြီး အခြား Add-ons ကြေးမှာ ပေါင် ခုနစ်သန်းရှိကြောင်း သိရသည်။

ကီတာသည် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ၏နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဓိကပစ်မှတ်ကစားသမားတစ်ဦးလည်းဖြစ်သည်။ လီဗာပူးလ်အသင်းက နှစ်ကြိမ်တိတိ (ဒုတိယအကြိမ်တွင် ပေါင် သန်း ၇၀ ဖြင့်) ကမ်းလှမ်းခဲ့သော်လည်း လိုက်ပ်ဇစ်အသင်းက ယခု နွေရာသီအတွင်း လက်လွှတ်လိုခြင်းမရှိသောကြောင့် ပယ်ချခဲ့သည်။

ယခုအခါတွင်မူ အပြောင်းအရွှေ့အတွက် အကြိုသဘောတူညီမှုယူထားပြီး လာမည့်ရာသီမှ ပြောင်းရွှေ့ခွင့် ပြုမည်ဟူသောအချက်ဖြင့် နှစ်သင်းအကြား ပြေလည်မှုရခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ဟာ စီမံကိန်းကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်လာ လိမ့်မယ်။ ဒါဟာ ကျွန်တော့်အတွက် အလွန်အမင်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ လိုက်ပ်ဇစ်အသင်းကိုလည်း ကတိပေးပါ တယ်။ အသင်းမှာရှိနေမယ့် လက်ကျန်အချိန် အားလုံး အပြည့်အ၀ပေးဆပ်သွားပါ့မယ်။ အနာဂတ်သစ်တစ်ခု သေချာပြီးသားဖြစ်လို့ အခုရာသီမှာ လိုက်ပ်ဇစ်အသင်း အောင်မြင် မှုရဖို့ လုံးဝအာရုံစိုက်နိုင်ပါပြီ။ လာမယ့်နွေ ရာသီမှာ အသင်းသစ်ကို ပြောင်းရွှေ့ခဲ့သည့်တိုင် ကျွန်တော်ဟာ လိုက်ပ်ဇစ်အသင်းရဲ့ အမာခံပရိသတ်အဖြစ် အဝေးတစ်နေရာက နေ ဆက်ရှိနေပါလိမ့်မယ်” ဟု ကီတာက ပြောကြားခဲ့သည်။

Photo: liverpool fc

လီဗာပူးလ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆာလာ (ပေါင် ၃၄ သန်း)၊ ရောဘတ်ဆန် (ပေါင် ရှစ်သန်း)၊ ဆိုလန်ကီ (ပြောင်းရွှေ့ကြေး အငြင်းပွားနေဆဲ) တို့ကို ခေါ်ယူထားခဲ့သည်။ လက်ရှိတွင် အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားမှုမှာ ၂၀၁၁ ခုနှစ်အတွင်းက နယူးကာဆယ်တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

August 29, 2017














Copy Protected by Chetan's WP-Copyprotect.