<

ကော်တင်ဟိုအတွက် ထပ်ဆောင်းငွေကြေး ယူရို(၅)သန်းကို လီဗာပူးလ်အသင်းထံ ဘာစီလိုနာအသင်း စတင်ပေးချေရမည်

Photo: AS

ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းမှ ဘရာဇီးလ်ကစားသမား ကော်တင်ဟိုကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၁၂၀)ဖြင့် ခေါ်ယူခဲ့ပြီး ထပ်ဆောင်းငွေကြေး ယူရိုသန်း(၄၀)ပေးချေရန် သဘောတူညီထားသည့်အနက် ယခုအခါ ယူရို(၅)သန်းကို စတင်ပေးချေရတော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဘာစီလိုနာနှင့် လီဗာပူးလ်အသင်းတို့သည် ကော်တင်ဟို၏အပြောင်းအရွှေ့၌ ထပ်ဆောင်းပေးချေရမည့်ငွေကြေးအတွက် အပိုင်း(၄)ပိုင်းခွဲကာ သဘောတူညီထားခြင်းဖြစ်ပြီး ယခု ပထမဆုံးအချက်နှင့် ကိုက်ညီသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအချက်မှာ ဘာစီလိုနာအသင်းအနေဖြင့် ကော်တင်ဟိုကို ပွဲပေါင်း(၂၅)ပွဲ အသုံးပြုပြီးပါက လီဗာပူးလ်အသင်းထံ ယူရို(၅)သန်း ထပ်ဆောင်းပေးချေရန်ဖြစ်သည်။

Photo: AS

ကော်တင်ဟိုသည် ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် ဗယ်လာဒိုလစ်နှင့်ပွဲတွင် (၂၅)ပွဲပြည့်သွားခဲ့ပြီး လာလီဂါပွဲ(၂၀)၊ စပိန်ဘုရင့်ဖလား(၄)ပွဲနှင့် စပိန်စူပါဖလား(၁)ပွဲဖြစ်ကြောင်း သိရှိရသည်။
ကော်တင်ဟိုအတွက် ဘာစီလိုနာနှင့် လီဗာပူးလ်တို့၏ သဘောတူညီချက်များထဲတွင် သွင်းဂိုးများအတွက် ပါဝင်ခြင်းမရှိကြောင်းလည်း သိရှိရသည်။
နှစ်သင်းသဘောတူညီမှုအရ ထပ်မံပေးချေရန် ကျန်ရှိနေသည်များမှာ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါက ယူရို(၅)သန်း၊ ယခုရာသီအကုန်တွင် ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါက ယူရို(၁၀)သန်း၊ ဘာစီလိုနာအသင်းအတွက် ကော်တင်ဟို ပွဲ(၁၀၀)ပြည့်ခဲ့ပါက ယူရိုသန်း(၂၀)ဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယခုရာသီအကုန်တွင် ယူရို(၁၀)သန်း ထပ်မံရရှိရန် သေချာသလောက်ဖြစ်နေကြောင်းလည်း သိရှိရသည်။

September 3, 2018














Copy Protected by Chetan's WP-Copyprotect.