ဘရာဇီးလ်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည့် ရစ်ချာလီဆန် အသင်းနှင့် စတင်ပူးပေါင်း

ဘရာဇီးလ်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည့် ရစ်ချာလီဆန် အသင်းနှင့် စတင်ပူးပေါင်း
Published 4 September 2018

Photo: Daily Gazette

ဘရာဇီးလ်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသော အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်သည် ယနေ့ အသင်းနှင့် စတင်ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။
ရစ်ချာလီဆန်သည် ဘရာဇီးလ်ယူ-၂၀ အသင်းအတွက် (၁၀)ပွဲကစားပေးခဲ့ဖူးပြီး ၂၀၁၇ တောင်အမေရိကယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။
သို့သော် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်မူ ယခုမှ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး နည်းပြ ထိထီက ဒဏ်ရာကြောင့် နုတ်ထွက်သွားသည့် ဖလူမင်နိစ်တိုက်စစ်မှူး ပတ်ဒရို၏နေရာတွင် အစားထိုးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အသက်(၂၁)နှစ်အရွယ် ရစ်ချာလီဆန်သည် ယခုရာသီတွင် အဲဗာတန်အသင်းသို့ ပေါင်(၄၄)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်(၃)ပွဲတွင် (၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အမေရိကန်၊ အယ်လ်ဆာဗေဒိုးတို့နှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည့် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားကမူ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ရစ်ချာလီဆန် ရွေးချယ်ခံရ၍ ဝမ်းမြောက်မိသော်လည်း ကြိုးစားအားထုတ်မှုကို ထိန်းသိမ်းသွားရန် သတိပေးခဲ့သည်။
မာကိုဆေးလ်ဗားက ''သူ့အတွက် အရေးကြီးတဲ့အခိုက်အတန့်ပါပဲ။ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပေမယ့် ဘရာဇီးလ်လို အရည်အသွေးမြင့်ကစားသမားတွေ များပြားတဲ့အသင်းမှာ နေရာရဖို့တော့ မလွယ်ကူပါဘူး။ ကစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကြိုးစားမှုကို လျှော့မချပစ်ဖို့ အရေးကြီးပါတယ်'' ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ရစ်ချာလီဆန်သည် ဘရာဇီးလ်နည်းပြ ထိထီ ရွေးချယ်ထားသည့် တိုက်စစ်မှူး(၆)ဦးထဲတွင် အသက်အငယ်ဆုံးဖြစ်နေပြီး ထိထီသည် ရစ်ချာလီဆန်အပါအဝင် ကစားသမားသစ်အများအပြားကို ရွေးချယ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent