မန်ယူအသင်း အဝေးကွင်းမှာ နိုင်ပွဲပြန်ရပြီး၊ စပါးအသင်း ပထမဆုံးရှုံးပွဲကြုံတွေ့

မန်ယူအသင်း အဝေးကွင်းမှာ နိုင်ပွဲပြန်ရပြီး၊ စပါးအသင်း ပထမဆုံးရှုံးပွဲကြုံတွေ့
Published 3 September 2018

ပရီးမီးယားလိဂ်ပွဲစဉ် (၄)ရဲ့ နောက်ဆုံးပွဲစဉ် (၂)ပွဲကို တနင်္ဂနွေညက ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ မန်ယူအသင်းက ဘန်လေအသင်းကို အဝေးကွင်းမှာ (၂-ဝ) ဂိုးဖြင့်အနိုင်ယူခဲ့ပြီး၊ စပါးအသင်းက ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ (၁-၂) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် (၂)ပွဲဆက်တိုက် ရှုံးပွဲကြုံထားတဲ့ မန်ယူအသင်းဟာ အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့အတွက် စပါးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို (၃)နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ု လင်ဒီလော့ဖ်၊ ဖယ်လေနီ၊ ဆန်းချက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ ဘန်လေအသင်းကလည်း အိမ်ကွင်းမှာ နိုင်ပွဲရဖို့အတွက် သူတို့ရဲ့ အတောင့်တင်းဆုံးလူအင်အားနဲ့ မန်ယူအသင်းကိုတုံ့ပြန်ခဲ့တာပါ။

ပွဲချိန် (၂၇) မိနစ်မှာ မန်ယူအသင်း အဖွင့်ဂိုးရသွားခဲ့ပြီး ဆန်းချက်ဇ်ရဲ့ဘယ်တောင်ပံက ဖြတ်တင်ပေးပို့မှုကို လူကာကူက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

မန်ယူအသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့တာက ပထမပိုင်းပြီးခါနီးမှာပဲ ဒုတိယဦးဆောင်ဂိုးကိုရခဲ့တာဖြစ်ပြီး ဒီဂိုးကိုလည်း လူကာကူကာ အနီးကပ်ကန်သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းဆက်လက်ကစားကွက်အသာစီးယူခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပါတယ်။ ပွဲချိန် (၆၉) မိနစ်မှာ ပေါ့ဘာပယ်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမားဂျိုးဟတ်ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်းနစ်နာခဲ့ရပါတယ်။

ဆက်တိုက်ဆိုသလို ပွဲချိန် (၇၁) မိနစ်မှာ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နဲ့ ဘန်လေနောက်ခံလူ ဘာစလေတို့ အချင်းများခဲ့ရာမှာ ခေါင်းနဲ့တိုက်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ ၂၀၁၅ မေလ မှာ ဖယ်လေနီ လူစားဝင်ပြီး အနီကတ်ပြခံခဲ့ရတဲ့နောက်ပိုင်း အခုလိုထုတ်ပယ်ခံရတဲ့ မန်ယူရဲ့ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ တိုက်စစ်မှူး လူကာကူအနေနဲ့ ဟတ်ထရစ်ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပေမယ့် ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ ပွဲအပြီးမှာ (၂-ဝ) ဂိုးနဲ့အနိုင်ရခဲ့ပြီး နည်းပြမော်ရင်ဟိုအတွက်တော့ ဖိအားတွေအနည်းငယ်လျော့ခဲ့တဲ့ နိုင်ပွဲလို့ပဲဆိုရပါလိမ့်မယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ဝက်ဖို့ဒ်အသင်းက (၂-၁) ဂိုးနဲ့အနိုင်ရပြီး အဆင့် (၃)နေရာအထိရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၃)ပွဲဆက်တိုက် ရာနှုန်းပြည့်အနိုင်ရတဲ့ (၂)သင်းထိပ်တိုက်တွေ့တဲ့ပွဲဖြစ်လို့ စိတ်ဝင်စားစရာကောင်းခဲ့ပြီး စပါးအသင်းကတော့ ပထမဆုံးရှုံးပွဲကြုံခဲ့တာပါ။

အဲရစ်ဆင်၊ မော်ရာ၊ ကိန်း၊ အယ်လီ၊ ဒမ်ဘီလီတို့နဲ့ စပါးအသင်းလူစုံခဲ့ပေမယ့် ရလဒ်ကောင်းကိုတော့ ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။

စပါးအသင်းအတွက်အဖွင့်ဂိုးကလည်း ဒုတိယပိုင်းပွဲချိန် (၅၃) မိနစ်မှာ ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကူဟေ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာဖြစ်ပြီး၊ ဒီသွင်းဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဝက်ဖို့ဒ်အသင်းအတွက် (၁၃) ဂိုးမြောက် Own Goal လည်းဖြစ်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးချိန်မှာ ဝက်ဖို့ဒ်အသင်း ချေပဂိုးအတွက် တိုက်စစ်ဆင်ခဲ့ပြီး ဆက်တိုက်ဆိုသလို ဂိုးတွေရရှိခဲ့တာပါ။

ဝက်ဖို့ဒ်အသင်းအတွက်ချေပဂိုးကို ပွဲချိန် (၆၉) မိနစ်မှာ ဒီးနီနဲ့ အနိုင်ဂိုးကို ပွဲချိန် (၇၆) မိနစ်မှာ ကက်ကတ်တို့က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဝက်ဖို့ဒ်အသင်းအတွက်တော့ ၁၉၈၈ - ၈၉ ရာသီနောက်ပိုင်း အင်္ဂလန်အမြင့်ဆုံးပြိုင်ပွဲတစ်ခုမှာ (၄)ပွဲဆက်အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

Photos : AFP

Most Read

Most Recent