လက်စတာနှင့်ပွဲမှအမှားမျိုး ထပ်မံမကျူးလွန်ဟု အယ်လစ်ဆန် ကတိပေးခဲ့ပြီး မိမိတို့အားလုံးသင်ခန်းစာယူရမည်ဟု ကလော့ပ် ဆို

လက်စတာနှင့်ပွဲမှအမှားမျိုး ထပ်မံမကျူးလွန်ဟု အယ်လစ်ဆန် ကတိပေးခဲ့ပြီး မိမိတို့အားလုံးသင်ခန်းစာယူရမည်ဟု ကလော့ပ် ဆို
Published 3 September 2018

 

 

 

လီဗာပူးလ်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်က လက်စတာ (၁-၂) လီဗာပူးလ်ပွဲမှအမှားမျိုးကို မိမိအနေဖြင့် ထပ်မံကျူးလွန်မည်မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့ မိုက်မဲမှုမျိုးကို ထပ်မံပြုလုပ်မည်မဟုတ်ကြောင်း ကတိပေးပြောကြားလိုက်သည်။

ယင်းပွဲစဉ်တွင် ပွဲချိန် (၆၃) မိနစ်၌ အယ်လစ်ဆန်၏ အမှားမှတစ်ဆင့် လက်စတာကွင်းလယ်လူ ဂက်ဇယ်လ်ကချေပဂိုးတစ်ဂိုး သွင်းယူသွားခဲ့သည်။ လီဗာပူးလ်အသင်း ဂိုးဧရိယာအတွင်း အယ်လစ်ဆန်ထံမှ ဘောလုံးကိုလက်စတာတိုက်စစ်မှူး အီဟီယန်နာချိုက ဝင်ရောက်လုယူရာတွင် အယ်လစ်ဆန် က ၎င်းအား လိမ်ခေါက်ပြီးဘောလုံးကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရာ မအောင်မြင်ဘဲ လဲကျခဲ့သည်။ ထို့နောက် ဘောလုံး ရရှိသွားသောအီဟီယန်နာချိုက လီဗာပူးလ်ဂိုးရှေ့သို့ ဘောလုံးအားပေးပို့ခဲ့ပြီး ဂက်ဇယ်လ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘော လုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂျာမန်ဂိုးသမားကာရီယပ်စ်၏အမှားများကြောင့် စပိန်ကလပ် ရီးယဲလ်မက်ဒရစ် အသင်းကို ဂိုးများပေးရကာ ရှုံးနိမ့်ခဲ့ဖူးပြီးဂိုးသမားများနှင့် ပတ်သက်၍ ဝေဖန်မှုများခံခဲ့ရသည့်အသင်းဖြစ်သည်။

အသင်းရှိဘယ်လ်ဂျီယံဂိုးသမားမစ်ဂနိုလတ်နှင့်ဂျာမန်ဂိုးသမားကာရီယပ်စ် (ယခုနွေရာသီတွင်ဘက်ဆစ်တက်သို့အငှားပြောင်းရွှေ့)တို့၏ လက်စွမ်းများကို စိတ်မချရခြင်းကြောင့် ဘရာဇီးလ်ဂိုးသမားအယ်လစ်ဆန်အား ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၆၆.၈)သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ (၎င်း၏စံချိန်ကို ချယ်လ်ဆီးဂိုး သမား ကယ်ပါက ပေါင် ၇၁ သန်းဖြင့်ကျော်ဖြတ်ခဲ့သည်။)

ယင်းကဲ့သို့ မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သော်လည်း လီဗာပူးလ်ဂိုးသမားများအနေဖြင့်၎င်းတို့၏အလွဲအမှားများကို ရပ်တန့်နိုင်ခြင်းမရှိဟု လူမှုကွန်ရက် စာမျက်နှာများတွင် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ ယင်းပွဲအပြီးတွင် အယ်လစ်ဆန်က လီဗာပူးလ်ပရိသတ်များကို တောင်းပန်စကားပြောကြားခဲ့သည်။ "ဒါဟာ ဆိုးရွားတဲ့ဆုံးဖြတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးပိုင်ဆိုင်မှုကိုဆက်လက်ထိန်း သိမ်းထားချင် တာကြောင့် ဒီလိုလုပ်ခဲ့တာပါ။ ကျွန်တော် ဒီလိုမျိုး ထပ်ပြီးမိုက်မဲလို့မရသလို၊ဒီလိုအမှားမျိုး ထပ်ပြီးကျူးလွန်လို့လည်းမရတော့ပါဘူး" ဟု အယ်လစ်ဆန်က ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကမူ ယင်းအမှားကို အယ်လစ်ဆန်တစ်ဦးတည်းသာမဟုတ်ဘဲမိမိတို့တစ်သင်းလုံး သင်ခန်းစာယူရမည်ဟု Sky Sports ရုပ်သံသို့ ပြောကြားခဲ့သည်။ " ဒီဖြစ်ရပ်အပေါ်ကျွန်တော်တို့ အားလုံး သင်ခန်းစာယူရမှာပါ။ အယ်လစ်ဆန်တစ်ဦးတည်း မဟုတ်ပါဘူး။ ဒီလိုအမှားမျိုးကဘယ်တော့မဆို ကြုံတွေ့ရ နိုင်ပါတယ်။ အယ်လစ်ဆန်အနေနဲ့ သူ့ရဲ့အမှားကို သူ သိနားလည်ပါတယ်" ဟုကလော့ပ်က ပြောကြားခဲ့သည်။

Most Read

Most Recent