<

(၄)ပွဲဆက်အနိုင်နဲ့ လီဗာပူးလ်ကို ဖိအားဆက်ပေးခဲ့တဲ့ ချယ်လ်ဆီး

Photo: Reuters

■ ချယ်လ်ဆီး ၂-၀ ဘုန်းမောက်

ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက (၂) ဂိုးပြတ်အနိုင်ယူပြီး ရာသီအစ (၄)ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို ဖိအားဆက်ပေးခဲ့ပါတယ်။

ပွဲစဉ် (၃)အပြီးမှာ ရှုံးပွဲမရှိသေးတဲ့ အသင်း (၂)သင်းရဲ့ပွဲဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းခဲ့ပြီး ချယ်လ်ဆီးနည်းပြဆာရီဟာ အိမ်ကွင်းမှာနိုင်ပွဲဆက်ဖို့ သေချာပြင်ဆင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲစဉ်က လူစာရင်းမှာ ပတ်ဒရိုနေရာ ၀ီလီယံထည့်ကစားတာကလွဲလို့ ချယ်လ်ဆီးရဲ့စုဖွဲ့မှုက အလွန်တောင့်တင်းခဲ့ပါတယ်။

ဘုန်းမောက်အသင်းကလည်း ဟန်ချက်ညီနေတဲ့ သူတို့ရဲ့စုဖွဲ့မှုကို ဒီပွဲမှာဆက်လက်ပြသခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပွဲချိန်တော်တော်များများ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ခြေစွမ်းကပြီးခဲ့တဲ့ပွဲတွေထက် အများကြီးအားနည်းခဲ့ပြီး အထူးသဖြင့် တိုက်စစ်မှူးမိုရာတာဟာ ဒီထက်ပိုပြီးတစ်ခုခုလုပ်ပြသင့်နေပါပြီ။

ဝီလီယံရဲ့ခြေစွမ်းက သာမန်အဆင့်သာရှိခဲ့ပြီး၊ ဒေးဗစ်လူးဝစ်ဇ်၊ ရူဒီဂါတို့ရဲ့ ခံစစ်ပိုင်းက ဟာကွက်တစ်ချို့ကိုလည်း ဒီပွဲမှာ မြင်ခဲ့ရပါတယ်။

Photo: Reuters

ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ကြပေမယ့် ဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ မိုရာတာနဲ့ ၀ီလီယံတို့ရဲ့နေရာမှာ ဂျရူးနဲ့ ပတ်ဒရိုတို့ကိုဆက်တိုက်ထည့်သွင်းခဲ့ပြီး တိုက်စစ်ပိုင်းအပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ဒီအပြောင်းအလဲကပဲ ချယ်လ်ဆီးအသင်းရဲ့နိုင်ပွဲကိုပုံဖော်ပေးခဲ့ပြီး ချယ်လ်ဆီးရဲ့အဖွင့်ဂိုးကို ပွဲချိန် (၇၂) မိနစ်မှာ ဂျရူးနဲ့ ပတ်ဒရိုရဲ့တွဲလုံးကနေ ပတ်ဒရိုက ဘုန်းမောက်ဂိုးသမား ဘီဂိုဗစ်ရဲ့ညာဘက်ထောင့်ကျဉ်းထဲ ကန်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ ပတ်ဒရိုအတွက် ဒီရာသီ လိဂ်ပွဲ (၄)ပွဲ ကစားပြီးချိန်မှာ (၃)ဂိုးမြောက်သွင်းဂိုးဖြစ်သလို ပြီးခဲ့တဲ့ရာသီတစ်ရာသီလုံးသွင်းဂိုး (၄)ဂိုးကိုမီဖို့ (၁)ဂိုးသာလိုအပ်တော့ပါတယ်။

ဘုန်းမောက်အသင်းချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကစားကွက်စီးသွားခဲ့ပြီး ပွဲချိန် (၈၅) မိနစ်မှာ ဒုတိယဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ အလွန်ဆိုရဲ့ပေးပို့မှုကနေ ဟာဇက်က ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ ချယ်လ်ဆီးအသင်းဟာ အနိုင်ရလဒ်ကိုထိန်းကစားသွားခဲ့ပြီး အစောပိုင်းက ကစားသွားတဲ့ လီဗာပူးလ်အသင်းနဲ့အတူ ရာသီအစ (၄)ပွဲဆက်အနိုင်ဆိုတဲ့ ရလဒ်က နည်းပြသစ်ဆာရီအတွက် ကျေနပ်စရာဖြစ်ခဲ့တာအမှန်ပါပဲ။

■ ယနေ့ ယှဉ်ပြိုင်သည့် ဥရောပဘောလုံးပွဲစဉ် ရလဒ်များ

ပရီးမီးယားလိဂ်
—————–
လက်စတာ ၁-၂ လီဗာပူးလ်
ဘရိုက်တန် ၂-၂ ဖူလ်ဟမ်
ချယ်လ်ဆီး ၂-၀ ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ် ၀-၂ ဆောက်သမ်တန်
အဲဗာတန် ၁-၁ ဟတ်ဒါဖီးလ်
ဝက်စ်ဟမ်း ၀-၁ ဝုလ်ဗ်

လိဂ်ချန်ပီယံရှစ်
—————–
ဘာမင်ဂမ် ၀-၀ QPR
ဘရန့်ဖို့ဒ် ၂-၁ နော်တင်ဟမ်
ဟားလ်စီးတီး ၁-၂ ဒါဘီ
ပရက်စတန် ၂-၂ ဘော်လ်တန်
ရက်ဒင်း ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ရှက်ဖီးယူနိုက်တက် ၄-၁ အက်စတွန်ဗီလာ
ဝက်စ်ဘရွန်း ၂-၁ စတုတ်စီးတီး
ဝီဂန် ၁-၀ ရော့သာဟမ်

September 1, 2018














Copy Protected by Chetan's WP-Copyprotect.