လက်စတာကိုအနိုင်ယူပြီး ရာသီအစ (၄)ပွဲဆက်အနိုင်ရခဲ့တဲ့ လီဗာပူးလ်

လက်စတာကိုအနိုင်ယူပြီး ရာသီအစ (၄)ပွဲဆက်အနိုင်ရခဲ့တဲ့ လီဗာပူးလ်
Published 2 September 2018

Photo: Getty Images

■ လက်စတာ ၁-၂ လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၄) စနေညရဲ့ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာနဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာတော့ လီဗာပူးလ်က (၂-၁) ဂိုးနဲ့အနိုင်ယူပြီး ရာသီအစ (၄)ပွဲဆက်အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်နည်းပြကလော့ပ်ဟာ ရှေ့ (၃)ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကီတာနေရာမှာ ဟန်ဒါဆင်ကို ပွဲထွက်အသုံးပြုခဲ့တာကလွဲလို့ အဝေးကွင်းမှာ ရမှတ်ပြည့်ရဖို့ လူစုံထုတ်ခဲ့ပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံး (၃)ပွဲဆက်အနိုင်ရထားတဲ့ လက်စတာအသင်းကလည်း အိမ်ကွင်းမှာနိုင်ပွဲဆက်ဖို့အတွက် ဘင်ချီဝဲလ်၊ အော်ဘရိုက်တန်၊ ဂရေး၊ အန်ဒီဒီတို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးလ်အသင်းဟာ လက်စတာအသင်းဘက်ကို ဆက်တိုက်ဆိုသလို ဖိအားပေးကစားခဲ့ပြီး ဖေမီနို၊ဆာလာ၊ မာနေတို့ရဲ့ တိုက်စစ်အားကို လက်စတာအသင်းရဲ့ ခံစစ်ကစားသမားတွေ မနည်းထိန်းချုပ်ခဲ့ရပါတယ်။

ပွဲချိန် (၄)မိနစ်မှာ ဖေမီနိုကန်လို့ ထွက်လာတာကို ဆာလာအပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့လို့ လီဗာပူးလ်တို့ စောစောဂိုးမရခဲ့တာပါ။

ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ သိပ်မကြာခင်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။

Photo: Reuters

ပွဲချိန် (၁၀)မိနစ်မှာ ဘယ်တောင်ပံကနေ ရောဘတ်ဆန်ရဲ့ ပေးပို့မှုကို မာနေက ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာပါ။  ဒီဂိုးဟာ မာနေအတွက် ဒီနှစ် ပရီးမီးယားလိဂ် ပွဲစဉ် (၄)ပွဲမှာ (၄)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာလည်း လီဗာပူးလ်တို့ နောက်ထပ်ဂိုးတွေရဖို့ ကြိုးစားခဲ့ပြီး လက်စတာအသင်းကတော့ မာမာထန်ထန်နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ကျေနပ်စရာဖြစ်ခဲ့တာက ပထမပိုင်းပြီးခါနီးမှာ နောက်ထပ်ဦးဆောင်ဂိုးရသွားခဲ့တာဖြစ်ပြီး ပွဲချိန် (၄၅) မိနစ်မှာ ဂျိမ်းစ်မီလ်နာရဲ့ ထောင့်ကန်ဘောပေးပို့မှုကနေ ဖေမီနိုက ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒီဂိုးကိုသွင်းယူခဲ့တဲ့ ဖေမီနိုဟာ နည်းပြယာဂန်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အသင်းအတွက် တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၆၀)ဂိုး (၃၇ ဂိုးသွင်း၊ ၂၃ ဂိုးဖန်တီး) အထိရှိလာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လက်စတာအသင်းချေပဂိုးရဖို့ ပိုကြိုးစားလာခဲ့ပြီး ပွဲချိန် (၆၃)မိနစ်မှာ မတ်ဒီဆန်ရဲ့ပေးပို့မှုကနေ ဂီဇယ်လ်က လက်စတာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးခွင့်ပြုရမှုမှာ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ရဲ့ ပေါ့ဆမှုကကြီးမားခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ယခုရာသီ ပထမဆုံးပေးဂိုးလည်း ဖြစ်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ လီဗာပူးလ်အသင်းက အနိုင်ဂိုးကို အကောင်းဆုံးထိန်းကစားသွားခဲ့ပြီး အဝေးကွင်းမှာ လိုအပ်တဲ့ အနိုင်ရလဒ်ကိုရယူကာ ရာသီအစ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။