မိမိသည် ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဟု မော်ရင်ဟို ဖွင့်ဟ

မိမိသည် ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဟု မော်ရင်ဟို ဖွင့်ဟ
Published 1 September 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဆုဖလား မဆွတ်ခူးနိုင်ခဲ့လျှင်တောင်မှ ကမ္ဘာ့အကောင်းဆုံးနည်းပြများထဲတွင် တစ်ဦးအပါအဝင်ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် အဖွင့်(၃)ပွဲတွင် ဒုတိယမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရကာ ၁၉၉၂-၉၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစရလဒ်ပိုင်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း မော်ရင်ဟိုက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက '' ကျွန်တော်က ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတွေထဲမှာပါတဲ့ အသင်းက မန်နေဂျာ(နည်းပြ)တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း ကမ္ဘာ့အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ဦးပါပဲ'' ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဖလားမရခဲ့လျှင် အကောင်းဆုံးမန်နေဂျာတစ်ဦးအဖြစ် ရှိနေဦးမည်လားဟု မေးမြန်းမှုကို မော်ရင်ဟိုက ယခုကဲ့သို့ ဖြေကြားခဲ့သည်။

'' ဂျာမန်အတွေးအခေါ်ပညာရှင် ဟေဂယ်ရဲ့စာတွေ သင်မဖတ်ဖူးဘူးလား။ ဟေဂယ်က ပြောခဲ့တယ်။ အမှန်တရားဟာ အားလုံးမှာရှိတယ်။ အားလုံးမှာရှိတဲ့အရာဟာလည်း သင်ရှာနေတဲ့ အမှန်တရားပါပဲ။ ပြီးခဲ့တဲ့ရာသီက တတိယနေရာမှာရပ်တည်ခဲ့တဲ့ နည်းပြကိုရော ဒီမေးခွန်း မေးခဲ့ဖူးသလား။ ဒါမှမဟုတ် အဆင့်(၄၊ ၅)နေရာတွေက နည်းပြတွေကိုရောပဲပေါ့'' ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

သို့သော် ပြီးခဲ့သည့်ရာသီက ယာဂန်ကလော့ပ်မှာလည်း ယခုလိုမေးခွန်းမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်ဟု တုံ့ပြန်လာချိန်တွင်မူ မော်ရင်ဟိုက
'' ဘာကြောင့်လဲဆိုတော့ သူဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ အနိုင်မရခဲ့ဖူးပါဘူး။ ဥပမာအားဖြင့်ပေါ့။ ဒါဟာ သူ့ရဲ့ပြဿနာပါ။ ကျွန်တော် ကတော့ ကျွန်တော်ဘယ်လိုတွေးတယ်၊ ဘယ်လိုခံစားရသလဲဆိုတာ သင့်ကို ပြောမယ်။ ပြီးတော့မှ ဒီမေးခွန်းအတွက် အဖြေပေးပါမယ်'' ဟု မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက '' တမြန်နှစ်ရာသီက ကျွန်တော့်တို့အတွက် အလွန်ကောင်းတဲ့ရာသီပါပဲ။ ဘာကြောင့်လဲဆိုတော့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့လို့ပါ။ ဒါဟာ ကျွန်တော်တို့ရဲ့အဆင့်လည်းဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ဥရောပပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲထားတဲ့ အင်္ဂလန်ကလပ်အသင်းပါ။ ကျွန်တော်က အီတလီ၊ စပိန်၊ အင်္ဂလန်တို့မှာ ဆုဖလား ၈လုံး ရဖူးတဲ့ တစ်ဦးတည်းသောမန်နေဂျာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲငယ်တွေ မဟုတ်ပါဘူး။ အရေးပါတဲ့ပြိုင်ပွဲတွေမှာ ရရှိခဲ့တာပါ။ ပြီးတော့ ပြီးခဲ့တဲ့ရာသီက ဒုတိယနေရာရတာဟာ ကျွန်တော့်ရဲ့အခမ်းနားဆုံး ဘောလုံးအောင်မြင်မှုတွေထဲက တစ်ခုပါပဲ'' ဟုလည်း ထပ်မံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်-၄ အဖြစ် စက်တင်ဘာ ၂ ရက်၊ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီတွင် ဘန်လေအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။

Photos : AFP

Most Read

Most Recent