ဒေါ့မွန်ကွင်းလယ်လူ ဆာဟင်ကို ဝါဒါဘရီမင် ခေါ်ယူ

ဒေါ့မွန်ကွင်းလယ်လူ ဆာဟင်ကို ဝါဒါဘရီမင် ခေါ်ယူ
Published 1 September 2018

ဝါဒါဘရီမင်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ဘက် ဒေါ့မွန်အသင်းမှ ဝါရင့်ကွင်းလယ်လူ နူရီဆာဟင်ကို ခေါ်ယူခဲ့ကြောင်း သိရသည်။

လာမည့်စက်တင်ဘာ(၅)ရက်တွင် (၃၀)နှစ်ပြည့်မည့် ဆာဟင်မှာ စာချုပ်သက်တမ်း(၁)နှစ်ကျန်ရှိနေသေးသော်လည်း
ဒေါ့မွန်အသင်းဘက်မှ ဖျက်သိမ်းပေးခဲ့ခြင်းဖြစ်သည်။

ဆာဟင်သည် ဝါဒါဘရီမင်အသင်းနှင့် (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းသစ်တွင် ကျောနံပါတ်(၁၇)အင်္ကျ ီကို
ဝတ်ဆင်သွားမည်ဖြစ်သည်။

၎င်းမှာ ၂၀၀၁ ခုနှစ်ကတည်းက ဒေါ့မွန်အကယ်ဒမီသို့ရောက်ရှိခဲ့ပြီး ဒေါ့မွန်အသင်းအတွက် (၁၁)ရာသီကစားကာ ပွဲပေါင်း (၂၇၄)ပွဲတွင်
(၂၆)ဂိုးသွင်း၊ (၄၉)ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်အသင်းများတွင်လည်း ကစားခဲ့ဖူးသူ ဆာဟင်သည် ဘွန်ဒစ်လီဂါတွင် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူစံချိန်ကို (၁၆)နှစ်၊ (၃၃၄)ရက်ဖြင့်လည်းကောင်း၊ အသက်အငယ်ဆုံး ဂိုးသွင်းသူစံချိန်ကို (၁၇)နှစ်၊ (၈၂)ရက်ဖြင့်လည်းကောင်း အသီးသီးတင်ရှိထားခဲ့သည်။

'' အသင်းပိုင်ရှင်တွေ၊ နည်းပြတို့နဲ့ စကားပြောရတာ အရမ်းကောင်းပါတယ်။ ဝါဒါဘရီမင်ဟာ အသင်းကြီးတစ်သင်းပါ။ တိုးတက်လာမယ့်အသင်းတစ်သင်းလို့လည်း ခံစားရပါတယ်။ အနာဂတ်မှာ အသင်းရဲ့အဓိကအစိတ်အပိုင်းဖြစ်လာဖို့ ကြိုးပမ်းသွားမှာပါ'' ဟု ဆာဟင်က ကလပ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

ဝါဒါဘရီမင်အသင်းနည်းပြ ဖလော်ရီယန်ခိုဖဲလ်နှင့် အားကစားဒါရိုက်တာ ဖရန့်ဘောင်မန်းတို့ကလည်း ဆာဟင်၏ခြေစွမ်းပိုင်းကို ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

 

 

 

Most Read

Most Recent