ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက်

ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာနှင့် ထိုင်း ယှဉ်ပြိုင်ကစားခဲ့စဉ်။ (ဓာတ်ပုံ – ညီညီစိုးညွန့်)

မြန်မာ- အင်ဒိုနီးရှား (တတိယနေရာလုပွဲ)

အချိန် – ညနေ (၃) နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ဆီလာယန်

ဆီးဂိမ်းပြိုင်ပွဲတွင် နောက်ဆုံး နှစ်ကြိမ်တွေ့ဆုံမှု

မြန်မာ ၀-၁ အင်ဒိုနီးရှား (၂၀၁၃ ပြိုင်ပွဲအုပ်စု)

မြန်မာ ၄-၂ အင်ဒိုနီးရှား (၂၀၁၅ ပြိုင်ပွဲအုပ်စု)

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပေမယ့် တတိယနေရာရရှိဖို့တော့ ကြိုးစားရဦးမှာပါ။ မြန်မာအသင်းဟာ ထိုင်းနဲ့ပွဲကအရှုံးကို ကုစား နိုင်ဖို့လိုပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထိုင်းနဲ့ပွဲက အရှုံးကို ခံစားပြီး ကစား မယ်ဆိုရင်တော့ အင်ဒိုနီးရှားအသင်း စိတ်ကြိုက်ဖြစ်သွားပါလိမ့်မယ်။ အင်ဒိုနီးရှားအသင်း ရဲ့ ခြေစွမ်းက မာကျောပြီး ဆီမီးဖိုင်နယ်မှာ အိမ်ရှင်မလေးရှားအသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဆီမီးဖိုင်နယ်ပွဲအတိုင်း ကစားမယ်ဆိုရင် မြန်မာ အသင်း အခက်တွေ့နိုင်ပါတယ်။ မြန်မာအသင်းအနေနဲ့ တတိယကြေးတံဆိပ်အတွက် ပေါ့ဆ လို့ မရဘဲ ဖိဖိစီးစီးကစားနိုင်ဖို့ လိုပါတယ်။ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ဟာ ပုံမှန်အသုံးပြုနေတဲ့ လူစာရင်းအတိုင်း ပွဲထွက်လာဖို့များပြီး အပြောင်းအလဲကတော့ တိုက် စစ်ပိုင်းမှာပဲ ရှိနိုင်ပါတယ်။ မြန်မာအသင်းသာ ဖိဖိစီးစီးနဲ့ ကစားမယ်ဆိုရင် အနိုင်ရဖို့ မခက်ခဲနိုင်ပါဘူး။ ထိုင်းနဲ့ပွဲက အရှုံးကို မခံစားနေဖို့ပဲလိုတာပါ။

 

မလေးရှား – ထိုင်း (ဗိုလ်လုပွဲ)

အချိန် – ည (၇း၁၅) နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း – ရှာအလမ်

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နောက်ဆုံးတွေ့ဆုံမှု

မလေးရှား ၀-၁ ထိုင်း (၂၀၁၅ ပြိုင်ပွဲ အုပ်စု)

တစ်ကျော့ပြန်ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုအတွက် အိမ်ရှင်မလေးရှားအသင်း ကြိုးပမ်းပါ လိမ့်မယ်။ ထိုင်းအသင်းရဲ့ ခြေစွမ်းက သာမန်သာရှိတာကြောင့် မလေးရှားအသင်း အခွင့် အရေးရှိပါတယ်။ နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲထားတဲ့ ထိုင်းအသင်းအနေနဲ့ ဒီနှစ်မှာတော့ သုံးကြိမ်ဆက်ချန်ပီယံဆုအတွက် လိုအပ်ချက်တွေရှိပါတယ်။ ထိုင်းထက် အိမ်ရှင်မလေးရှား ကို ပိုပြီးကြိုက်ပါတယ်။ မလေးရှား တစ်ကျော့ပြန်ဗိုလ်စွဲနိုင်ပါတယ်။