ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ယနေ့ယှဉ်ပြိုင်ကစားမည် ရွှေဆုရယူနိုင်ခြင်း မရှိသော်လည်း ကြေးဆုရယူသွားမည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ပြောကြား

မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို သြဂုတ် ၂၉ ရက် (ယနေ့) ညနေပိုင်းတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် တတိယနေရာအတွက် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့၏ တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ဆီလာယန်ကွင်း၊ အိမ်ရှင် မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့၏ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ည ၇း၁၅ နာရီတွင် ရှာအလမ်ကွင်း၌ ကျင်းပမည်ဖြစ်သည်။

တတိယနေရာလုပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၂၈ ရက်က ကျင်းပခဲ့ပြီး မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ရွှေဆုရယူနိုင်ခြင်း မရှိသော်လည်း ကြေးတံဆိပ်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂတ်ဖရိုင်းဒရစ်က “ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် လွဲချော်ခဲ့တဲ့အတွက် အားလုံးဝမ်းနည်းကြရပါတယ်။ အင်ဒိုနီးရှားအသင်းက အသင်းလိုက် ကစားပုံကောင်းသလို၊ မြန်လည်းမြန်ပါတယ်။ တစ်ဦးချင်း ကစားပုံကောင်းတာကြောင့် တစ်ဦးချင်း ထိန်းကပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းကတော့ အသင်းလိုက်စည်းလုံးမှု၊ ညီညွတ်မှုတွေနဲ့ ကစားသွားမှာဖြစ်တယ်။ ကျွန်တော့်ကစားသမားတွေအပေါ် အပြည့်အ၀ ယုံကြည်ပါတယ်။  နိုင်ငံအတွက် ရွှေဆုမယူနိုင်ခဲ့ပေမယ့် ကြေးဆုတော့ အရယူသွားမှာပါ။ ကြေးတံဆိပ်ရယူပြီး မြန်မာနိုင်ငံကို ပြန်မှာပါ” ဟု ပြောကြားသည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခု ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု မျှော်မှန်းထားသော်လည်း ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို ပွဲပြီးခါနီးဂိုးဖြင့် အရေးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားအသင်းမှာလည်း ဆီမီးဖိုင်နယ်တွင် အိမ်ရှင်မလေးရှားအသင်းကို တစ်လုံးတည်းသောဂိုးဖြင့် အရေးနိမ့်ကာ တတိယနေရာလုပွဲ ကစားရခြင်းဖြစ်သည်။

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည့် ထိုင်းအသင်းနှင့် မလေးရှားအသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ဗိုလ်လုပွဲ တက်ရောက်လာခြင်းဖြစ်ပြီး မလေးရှားအသင်းမှာမူ အုပ်စုပွဲလေးပွဲ၊ ဆီမီးဖိုင်နယ်တစ်ပွဲ ငါးပွဲကစားရာတွင် ငါးပွဲစလုံး အနိုင်ရကာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။