အေဂျက်စ်၊ AEK အေသင်နှင့် ယန်းဘွိုင်းစ်တို့ ချန်ပီယံလိဂ် အုပ်စုအဆင့်သို့တက်ရောက်

အေဂျက်စ်၊ AEK အေသင်နှင့် ယန်းဘွိုင်းစ်တို့ ချန်ပီယံလိဂ် အုပ်စုအဆင့်သို့တက်ရောက်
Published 29 August 2018

Photo: Twitter

ချန်ပီယံလိဂ် Play-off အဆင့် (ဒုတိယအကျော့) ပထမနေ့ပွဲစဉ်များကို ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့ရာ အေဂျက်စ်၊ AEK အေသင်နှင့် ယန်းဘွိုင်းစ်အသင်းတို့ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ပထမအကျော့အိမ်ကွင်းတွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းကို (၃-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားသော အေဂျက်စ်အသင်းသည် ယခုဒုတိယအကျော့ ယူကရိန်းမြေ၌ ယှဉ်ပြိုင်သည့် အဝေးကွင်းပွဲစဉ်တွင် ဂိုးမရှိသရေကစားပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၁) ဂိုးဖြင့်အနိုင်ရကာ အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအကျော့ အဝေးကွင်းပွဲစဉ်တွင် ဟန်ဂေရီကလပ် ဗီဒီယိုတန်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိထားသော ဂရိကလပ် AEK အေသင်အသင်းသည် ယခုဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် (၁-၁) ဂိုးဖြင့်သရေကျကာ နှစ်ကျော့ပေါင်းရလဒ် (၃-၂) ဂိုးဖြင့်အနိုင်ရရှိပြီး အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

AEK အေသင်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၄၇)မိနစ်တွင် မန်ဒါလို့စ်က ပယ်နယ်တီမှ တစ်ဆင့်သွင်းယူခဲ့ပြီး၊ ဗီဒီယိုတန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၅၇) မိနစ်တွင် နီဂိုက သွင်းယူပေးခဲ့သည်။ ဗီဒီယိုတန်အသင်းအနေဖြင့် လက်ကျန်ပွဲချိန်တွင် အနိုင်ရလဒ်အတွက် ကြိုးပမ်းခဲ့သော်လည်း အိမ်ရှင်အသင်းက အုပ်စုအဆင့်ရောက်ရှိရန် ထိန်းကစားသွားခဲ့သည်။

လက်ကျန်ပွဲစဉ်တွင် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်းက ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းကို အဝေးကွင်းတွင် (၂-၁) ဂိုးဖြင့်အနိုင်ယူကာ အုပ်စုအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ဒိုင်နမိုဇာရက်အသင်းသည် ပထမအကျော့အဝေးကွင်းပွဲစဉ်တွင် (၁-၁) ဂိုးဖြင့်သရေကစားနိုင်ခဲ့သောကြောင့် ယခုအိမ်ကွင်းပွဲစဉ်တွင် ဂိုးမရှိသရေကစားရုံဖြင့် အုပ်စုအဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့သဖြင့် Play-off အဆင့်မှလှည့်ပြန်ခဲ့ရသည်။

ဒိုင်နမိုဇာဂရက်အသင်းသည် ယခုပွဲစဉ်တွင် ပွဲအစ (၇) မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ဒုတိယပိုင်းပွဲချိန် (၆၄)မိနစ်နှင့် (၆၆) မိနစ်တို့တွင် ယန်းဘွိုင်းစ်အသင်းအား (၂) ဂိုးဆက်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို လာမည့် သြဂုတ်လ (၃၀) ရက်နေ့တွင် မိုနာကို၌ ပြုလုပ်မည်ဖြစ်သည်။

 

■ ယနေ့ညကစားခဲ့သည့် ဥရောပဘောလုံးပွဲရလဒ်များ

 

ချန်ပီယံလိဂ် Play-offs (ဒုတိယအကျော့)
--------------------------------------------
ဒိုင်နမိုဇာဂရက် ၁-၂ ယန်းဘွိုင်းစ်
(နှစ်ကျော့ပေါင်း ၃-၂ ဖြင့် ယန်းဘွိုင်းစ်နိုင်)
AEK အေသင် ၁-၁ ဗီဒီယိုတန်
(နှစ်ကျော့ပေါင်း ၃-၂ ဖြင့် AEK အေသင်နိုင်)
ဒိုင်နမိုကိဗ် ဝ-၀ အေဂျက်စ်
(နှစ်ကျော့ပေါင်း ၃-၁ ဖြင့် အေဂျက်စ်နိုင်)

 

လိဂ်ဖလား(Carabao Cup) ဒုတိယအဆင့်
---------------------------------------------
ဆွမ်ဆီး ဝ-၁ ခရစ္စတယ်ပဲလေ့စ်
ဝင်ဘယ်လ်ဒန် ၁-၃ ဝက်စ်ဟမ်း
ဘလက်ဘန်း ၄-၁ လင်ကွန်း
ဘုန်းမောက် ၃-၀ MKဒွန်းစ်
ဘရန့်ဖို့ဒ် ၁-၀ ချယ်လ်တင်ဟမ်
ဘရိုက်တန် ဝ-၁ ဆောက်သမ်တန်
ဘာတန် ၁-၀ အက်စတွန်ဗီလာ
ကာဒစ်ဖ် ၁-၃ နောဝစ်ချ်
ဒွန်ကက်စတာ ၁-၂ ဘလက်ပူးလ်
ဖူလ်ဟမ် ၂-၀ အိတ်စ်တာ
ဟားလ်စီးတီး ဝ-၄ ဒါဘီ
လိဒ်စ် ဝ-၂ ပရက်စတန်
လက်စတာ ၄-၀ ဖလိဝုဒ်
မစ်ဒယ်ဘရော့ ၂-၁ ရော့ချ်ဒေးလ်
နယူးပို့တ် ဝ-၃ အောက်စဖို့ဒ်
QPR ၃-၁ ဘရစ္စတိုးလ်ရိုဗာ
ရှက်ဖီးဝင်းစ်ဒေး ဝ-၂ ဝုလ်ဗ်
ဝဲဆောလ် ၃-၃ မက်ကယ်ဖီးလ်
(ပယ်နယ်တီ ၃-၁ ဖြင့် မက်ကယ်ဖီးလ်နိုင်)
ဝိုင်ကမ်ဘီ ၂-၂ ဖောရက်စ်ဂရင်း
(ပယ်နယ်တီ ၄-၃ ဖြင့် ဝိုင်ကမ်ဘီနိုင်)
စတုတ်စီးတီး ၂-၀ ဟတ်ဒါဖီးလ်
ဝက်စ်ဘရွန်း ၂-၁ မန်းစ်ဖီးလ်

Most Read

Most Recent